India (Delhi)

၂၀၂၀ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၏ စီမံဆောင်ရွက်ချက်များသည် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်မှုများရှိ

Last Updated:

အိန္ဒိယသည်လက်ပ်တော့များ၊ တက်ဘလက်များနှင့် တစ်ကိုယ်ရေသုံးကွန်ပျူတာတင်သွင်းမှုများအတွက် နောက်သုံးလအကြာတွင် လိုင်စင်လျှောက်ထားရန်လိုအပ်မည်ဟု ကြာသပတေးနေ့က ကြေညာခဲ့သော်လည်း ယင်းအံ့အားသင့်စရာချမှတ်ထားသည့် ပြဋ္ဌာန်းချက်ကို ရွှေ့ဆိုင်းနိုင်ဖွယ်ရှိသည်ဟု သောကြာနေ့က ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကွန်ပျူတာတင်သွင်းမှုများအတွက် လိုင်စင်လျှောက်ထားရန်လိုအပ်သည်ဟူသော ပြဌာန်းချက်အသစ်သည် တရုတ်နိုင်ငံအတွက် ရည်ရွယ်သည်ဟု အိန္ဒိယက မပြောထားသော်လည်း နှစ်စဉ်တစ်ကိုယ်ရေသုံးကွန်ပျူတာနှင့် တက်ဘလက်များတင်သွင်းမှု၏ ထက်ဝက်ကျော်ဖြစ်သည့် ပျမ်းမျှအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်မှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့်ပစ္စည်းများဖြစ်ကြပါကြောင်း၊ တရုတ်နှင့်အိန္ဒိယတပ်ဖွဲ့များ နှစ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီး လူ ၂၄ ဦးသေဆုံးခဲ့သည့် ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းမှစပြီး နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ယိုယွင်းလာခဲ့ပါကြောင်း၊ လိုင်စင်လုပ်ထုံးလုပ်နည်းစီမံဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုမညီမျှမှုကို ဖြေရှင်းရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ အိန္ဒိယအစိုးရအရာရှိများက ပြောကြားထားပါကြောင်းနှင့် ၂၀၂၀ ခုနှစ်ကတည်းက အိန္ဒိယအစီအမံများကြောင့်  အောက်ဖော်ပြပါတရုတ်နိုင်ငံ၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ်တွင်လည်း  သက်ရောက်မှုများရှိခဲ့ကြောင်း သိရှိရပါသည်-

BYD ၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်

တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် BYD နှင့်မိတ်ဖက်ဖြစ်သော အိန္ဒိယကုမ္ပဏီ၏ လျှပ်စစ်ကားများထုတ်လုပ်ရန် ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်ကို ပြီးခဲ့သောလတွင် အိန္ဒိယအစိုးရမှ စိစစ်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှုအသစ်အတွက် အစီအစဉ်များကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

GREAT Wall Motor ရင်းနှီးမြှုပ်နှံမှုအစီအစဉ်

တရုတ် Great Wall Motor ကုမ္ပဏီ၏ အိန္ဒိယနိုင်ငံတွင် ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြှုပ်နှံရန်အစီအစဉ်များကို ယခင်နှစ်က ဆိုင်းငံ့ခဲ့ပြီးနောက် စည်းမျဉ်းစည်းကမ်းဆိုင်ရာခွင့်ပြုချက် မရရှိသည့်အတွက်  ၎င်း၏လုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးကို အလုပ်မှ ထုတ်ပယ်ခဲ့ပါသည်။

Xiaomi ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း

အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်ဘဏ္ဍာရေးရာဇ၀တ်မှုအေဂျင်စီ(Federal Crime Agency)သည် ပြီးခဲ့သည့်နှစ်ကတည်းက Xiaomi ၏ ဘဏ်တွင် အပ်နှံထားသော ပိုင်ဆိုင်မှုဒေါ်လာသန်း ၆၇၀ ကို ထိန်းချုပ်ပိတ်ပင်ခဲ့ပြီး စမတ်ဖုန်းထုတ်လုပ်သူ Xiaomi အတွက် သိသိသာသာစိန်ခေါ်မှုတစ်ရပ်ဖြစ်စေခဲ့ပါကြောင်းနှင့် Xiaomi သည် နိုင်ငံရပ်ခြားသားများထံ တရားမဝင်ငွေလွှဲမှုများ ပြုလုပ်ခဲ့သည်ဟု အေဂျင်စီက စွပ်စွဲထားသော်လည်း ကုမ္ပဏီသည် မှားယွင်းမှုမရှိဟု  ငြင်းဆိုထားကြောင်း သိရှိရပါသည်။

မိုဘိုင်းအက်ပ်များကို ပိတ်ပင်ခြင်း

ဒေတာအချက်အလက်များနှင့်ကိုယ်ရေးကိုယ်တာလုံခြုံစိတ်ချရမှုရှိစေရေးကို အကြောင်းပြ၍ အိန္ဒိယသည် တရုတ်နိုင်ငံ Tencent ကုမ္ပဏီ၏ ကျောထောက်နောက်ခံပြု တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် Krafton Inc မှ နာမည်ကြီး battle-royale ဂိမ်းများအပါအဝင် တရုတ်မိုဘိုင်းအက်ပ် ၃၀၀ ခန့်ကို ပိတ်ပင်ထားကြောင်း သိရှိရပါသည်။

ရင်းနှီးမြှုပ်နှံမှုစစ်ဆေးမှု စည်းမျဉ်းအသစ်များ

၂၀၂၀ ခုနှစ်တွင် အိန္ဒိယသည် အိမ်နီးချင်းနိုင်ငံများ၏ ကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံမှုများအပေါ် လုံခြုံစိတ်ချရမှုအခြေအနေတို့ကို စိစစ်ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းစဉ်တစ်ခု ထပ်တိုးထည့်သွင်းခြင်းဖြင့် စိစစ်မှုကိုအရှိန်မြှင့်ခဲ့ပါကြောင်း၊ ယင်းသည် တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှုများကို လွှဲပြောင်းရယူခြင်းမှ တားဆီးရန်ဆောင်ရွက်မှုအဖြစ် ကျယ်ပြန့်စွာမြင်တွေ့ရမည်ဖြစ်ပါကြောင်းနှင့် အဆိုပါဆောင်ရွက်ချက်များကြောင့် ရင်းနှီးမြှုပ်နှံမှုတွင် အဆိုပြုထားသော ဒေါ်လာဘီလီယံပေါင်းများစွာသည် လွန်ခဲ့သည့် ၃ နှစ်အတွင်း အတည်ပြုချက်လုပ်ငန်းစဉ်တွင် ပိတ်မိနေကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမညီမျှမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်နေမှုအခြေအနေကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Source: Chinese trade and investment impacted by India’s measures since 2020, The Economic Times, 5 August, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)