India (Kolkata)

အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် ပဲစင်းငုံသီးနှံ၏ ၄၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးမှုရှိမည်ဟုခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ်ရှိ တောင်သူများနှင့် ခရိုင်စိုက်ပျိုးရေးအရာရှိများသည် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် ပဲစင်းငုံသီးနှံ၏ ၄၀ ရာခိုင်နှုန်းနီးပါးဆုံးရှုံးမှုရှိမည်ဟု ခန့်မှန်းလျက်ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၈ ရက်က ဖော်ပြသည်။

အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံထုတ်လုပ်မှုအများဆုံးပြည်နယ်တစ်ခုဖြစ်သော အဆိုပါပြည်နယ်သည် နိုင်ငံ့ထုတ်လုပ်မှုတွင် သိသာထင်ရှားသောဝေစုကို ပံ့ပိုးပေးထားသည်။ အဆိုပါအခြေအနေကြောင့် လာမည့်လများတွင် ပဲမျိုးစုံဈေးကွက် ၌အနှောင့်အယှက်များဖြစ်ပေါ်စေရန် အလားအလာများရှိနေသည်။ သို့သော် ပဲစင်းငုံကို Tanzania၊ Mozambique နှင့် Malawi ကဲ့သို့သော အာဖရိကနိုင်ငံများမှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀(ရူပီး ၄၈,၅၀၀)ဝန်းကျင်ဖြင့် တင်သွင်းမှုများရှိသည့်အတွက် အိန္ဒိယနိုင်ငံ၏ လတ်တလောပဲရောင်းလိုအား ပြတ်လပ်မှုကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယူဆထားသည်။

အဆိုပါတင်သွင်းဈေးနှုန်းသည် ၂၀၂၆ ခုနှစ် ဇွန်လအထိ လက်ရှိရာသီအတွက် သတ်မှတ်ထားသော ပဲစင်းငုံတစ်တန်လျှင် ရူပီး ၈၀,၀၀၀ ဖြစ်သည့်ကြမ်းခင်းဈေး(MSP)အောက်များစွာ သက်သာလျက်ရှိသည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံသည် ပဲစင်းငုံတန်ချိန် ၃၅ ဒသမ ၆၁ သိန်းထုတ်လုပ်ခဲ့ပြီး Maharashtra ပြည်နယ်သည် ပြည်နယ်အားလုံးတွင် အများဆုံးဖြစ်သည့်တန်ချိန် ၁၃ ဒသမ ၂၅ သိန်းထုတ်လုပ်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့် တောင်သူများ သာယာဝပြောရေးဦးစီးဌာန၏ အချက်အလက်များအရ အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံစိုက်ပျိုးဧရိယာသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဟက်တာ ၄၆ ဒသမ ၄၅ သိန်းမှ ယခုနှစ်(၂၀၂၅-၂၆ဘဏ္ဍာနှစ်)တွင် ဟက်တာ ၄၆ ဒသမ ၆၀ သိန်းအထိ အနည်းငယ်တိုးမြင့်လာခဲ့ကြောင်း သိရသည်။

Maharashtra ပြည်နယ်၏ စိုက်ပျိုးဧရိယာသည် ပြီးခဲ့သည့်နှစ်က ဟက်တာ ၁၁ ဒသမ ၈၉ သိန်းရှိခဲ့ပြီး ယခုရာသီတွင် ဟက်တာ ၁၁ ဒသမ ၆၀ သိန်းကျော်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းကျော်သည် Maharashtra၊ Karnataka၊ Madhya Pradesh၊ Uttar Pradesh၊ Gujarat၊ Jharkhand၊ Telangana နှင့် Andhra Pradesh ပြည်နယ်ရှစ်ခုမှ လာကြောင်း သိရသည်။

ပဲစင်းငုံကို ပုံမှန်အားဖြင့် ဇွန်လနှင့်ဇူလိုင်လများတွင် စိုက်ပျိုးပြီးရက်ပေါင်း ၁၂၀ မှ ၁၉၀ ကြာပြီးနောက် ရိတ်သိမ်းလေ့ရှိသည်။ သို့သော် ပဲစင်းငုံအဓိကထုတ်လုပ်သည့်ခရိုင်များဖြစ်သော Ahilyanagar၊ Sangli၊ Satara၊ Pune၊ Beed၊ Solapur၊ Latur နှင့် Marathwada ဒေသအချို့တို့တွင် မိုးသည်းထန်စွာနှင့် ကြာရှည်စွာရွာသွန်းမှုများကြောင့် ပန်းပွင့်ချိန်နှင့် အသီးအနှံဖြစ်ပေါ်ချိန် နှစ်ဆင့်စလုံးတွင် သီးနှံများပျက်စီးခဲ့ရကြောင်း တွေ့ရှိရသည်။

Latur ခရိုင် စိုက်ပျိုးရေးအရာရှိ Shivsamb Ladke က "ဧရိယာအများအပြားမှာ ရေဝပ်နေဆဲဖြစ်လို့ ပဲစင်းငုံသီးနှံ ၄၀ ရာခိုင်နှုန်းခန့်ပျက်စီးနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။ ၎င်းက "မိုးတွေရပ်သွားပြီးနောက်မှာတောင်မှ သက်ရောက်မှုက ပြင်းထန်နေဦးမှာဖြစ်ပြီး စိုက်ခင်းအများစုမှာ ညှိုးနွမ်းမှုတွေမြင်တွေ့ရပါတယ်"ဟုလည်း ပြောကြားခဲ့သည်။ Latur သည် ပဲကြိတ်ခွဲစက်များ ပေါများစွာရှိသော အိန္ဒိယနိုင်ငံ၏ အကြီးဆုံးပဲမျိုးစုံဈေးကွက်များထဲမှ တစ်ခုဖြစ်သည်။ Ahmednagar ခရိုင် စိုက်ပျိုးရေးအရာရှိ Sudhakar Borale ကလည်း အလားတူစိုးရိမ်ပူပန်မှုများကို ထပ်လောင်းပြောကြားခဲ့ပြီး ခရိုင်၏ နေရာအနှံ့အပြားမှ ကျယ်ပြန့်သောပျက်စီးဆုံးရှုံးမှုများ အစီရင်ခံစာများ ရောက်ရှိလာကြောင်း ပြောကြား ခဲ့သည်။

အဆိုပါပျက်စီးဆုံးရှုံးမှု၏ အဓိကအကြောင်းရင်းမှာ အပင်၏ရေနှင့် အာဟာရသယ်ယူပို့ဆောင်ရေးစနစ်ကို ပိတ်ဆို့သည့်မြေဆီလွှာမှ ပေါက်ဖွားသော မှိုရောဂါပိုးဖြစ်သည့် Fusarium wilt ကြောင့်ဖြစ်ကြောင်းသိရသည်။ စိုက်ပျိုး ရေးကျွမ်းကျင်သူ Deepak Chavan က ကွင်းဆင်းအကဲဖြတ်မှုများအရ အဆိုပါရောဂါသည် စိုက်ပျိုးထားသော ပဲစင်းငုံသီးနှံ၏ ၂၅ မှ ၃၀ ရာခိုင်နှုန်းခန့်ကို ထိခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက "ဒီဆုံးရှုံးမှုဟာ မကြာသေးမီလတွေက ရေကြီးမှုကြောင့်ဖြစ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေအပြင် ထပ်တိုးဖြစ်ပေါ်လာတာပါ" ဟု မှတ်ချက်ပြုခဲ့သည်။ သို့သော် ပဲစင်းငုံအပါအဝင် ပဲမျိုးစုံကို ဆက်လက်တင်သွင်းလျက်ရှိခြင်းကြောင့် စားသုံးသူများသည် ဈေးကွက်အတွင်း သက်ရောက်မှုကို ခံစားရမည်မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Source:    The Hindu Businessline, Maharashtra’s tur production may drop 40% on crop damage due to rain, floods, October 28, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)