U. A. E

ယူအေအီးနိုင်ငံမှလေကြောင်းလိုင်းအားလုံးသည် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အလုံခြုံဆုံးထိပ်တန်းလေကြောင်းလိုင်း ၂၀ စာရင်းတွင် ပါဝင်ခဲ့

Last Updated:

လေကြောင်းလိုင်းတိုင်းသည် ပြဿနာများကို နေ့စဉ်ကြုံတွေ့နေရပြီး‌ ကောင်းမွန်သောလေကြောင်းလိုင်းများသည် အဆိုပါဖြစ်ရပ်များကို လေယာဉ်အမှုထမ်းများက မည်သို့ကိုင်တွယ်ဖြေရှင်းသည့်အပေါ်တွင် မူတည်၍ အဆုံးအဖြတ်ပေးလျက်ရှိကြောင်း လေကြောင်းလိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၏အဆိုအရ သိရပါသည်။

အဆင့်မြင့်နှင့် စျေးနှုန်းသက်သာသော လေကြောင်းခရီးစဉ်ရွေးချယ်မှုများအပါအဝင် ယူအေအီးနိုင်ငံရှိ လေကြောင်းလိုင်းများအားလုံးသည် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာပေါ်တွင် အလုံခြုံဆုံးထိပ်တန်းလေကြောင်းလိုင်း ၂၀ စာရင်းတွင် ပါဝင်ခဲ့ပါသည်။

Flydubai၊ Air Arabia နှင့် Wizz Air တို့သည် AirlineRatings.com လေကြောင်းလိုင်းအကဲဖြတ်လေ့လာသုံးသပ်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာပေါ်တွင်အလုံခြုံဆုံး တန်ဖိုးနည်းလေကြောင်းလိုင်း ၂၀ ခုစာရင်းတွင် ပါဝင်ခဲ့ပါသည်။ Emirates နှင့် Etihad Airways တို့မှာမူ အလုံခြုံဆုံးနှင့် အပြည့်စုံဆုံးသော လေကြောင်းလိုင်းများစာရင်းတွင် ပါဝင်ခဲ့ပါသည်။

AirAsia၊ Allegiant ၊ Air Baltic၊ easyJet ၊ Frontier၊ Jetstar Group ၊ Jetblue ၊ Indigo၊ Ryanair၊ Scoot ၊ Southwest ၊ Spicejet ၊ Spirit ၊ Vueling၊ Vietjet ၊ Volaris နှင့် Westjet တို့သည် အဆိုပါစာရင်းတွင်ပါဝင်သည့် အခြားတန်ဖိုးနည်းလေကြောင်းလိုင်းများဖြစ်ကြပါသည်။

အခြားတစ်ဖက်တွင်မူ အလုံခြုံဆုံးနှင့် အပြည့်စုံဆုံးသော လေကြောင်းလိုင်းများစာရင်းတွင် Hawaiian Airlines၊ SAS၊ United Airlines၊ Cathay Pacific Airways၊ Hawaiian Airlines၊ Finnair၊ British Airways၊ KLM၊ American Airlines၊ Delta Air Lines၊ Alaska Airlines၊ TAP Air၊ Alaska Airlines၊ EVA Air၊ Virgin Australia/Atlantic နှင့် Qantas လေကြောင်းလိုင်းများ စသည်တို့ပါဝင် ပါသည်။

နိုင်ငံတကာလေကြောင်းလိုင်း ၃၈၅ ခုကို အကဲဖြတ်လေ့လာသုံးသပ်ခဲ့သည့် အဆိုပါလေ့လာမှုတွင် လေယာဉ်ပျံသန်းမှုသက်တမ်း၊ ပြီးခဲ့သည့်နှစ်နှစ်မှ ငါးနှစ်အတွင်းဖြစ်ပွားခဲ့သော မတော်တဆဖြစ်ရပ်များနှင့် လေယာဉ်ပျက်ကျမှုမှတ်တမ်းများအပါအဝင် အမျိုးမျိုးသောကွဲလွဲမှုအပြောင်းအလဲများကို ထည့်သွင်းစဉ်းစားကာ လေကြောင်းလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် International Civil Aviation Organization (ICAO)၏ စာရင်းစစ်တွေ့ရှိချက်များအပေါ်အခြေခံ၍ အကဲဖြတ်လေ့လာသုံးသပ်ခဲ့ခြင်းဖြစ်ပါသည်။

AirlineRatings လေကြောင်းလိုင်းအကဲဖြတ်လေ့လာသုံးသပ်ရေးအဖွဲ့၏ အယ်ဒီတာချုပ် Geoffrey Thomas က လေကြောင်းလိုင်းများအားလုံးသည် နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေသည့် အဖြစ်အပျက်များကို တွေ့ကြုံခံစားနေကြရပြီး အများစုမှာ လေကြောင်းလိုင်းလုပ်ငန်းလည်ပတ်မှုများထက် အင်ဂျင် သို့မဟုတ် လေယာဉ်တည်ဆောက်မှုနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့ပါသည်။

လေကြောင်းလိုင်းခြောက်ခုဖြင့်လုပ်ငန်းလည်ပတ်လျက်ရှိသော ယူအေအီးနိုင်ငံသည် အရေးပါသောကမ္ဘာ့လေကြောင်းဗဟိုအချက်အချာရပ်ဝန်းအဖြစ် ကြီးထွားလာခဲ့ပြီး ကမ္ဘာ့အဓိကခရီးသွားနေရာဒေသအားလုံးနီးပါးကို လေကြောင်းပျံသန်း၍ ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ထို့အပြင် နိုင်ငံတကာလေကြောင်းလိုင်းများစွာတို့သည်လည်း ကမ္ဘာတစ်ဝှမ်းရှိ ရာနှင့်ချီသောခရီးစဉ်ဒေသများသို့ တိုက်ရိုက်ပျံသန်းမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Khaleej Times

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E