U. A. E

ယူအေအီးနိုင်ငံ၊ ဒူဘိုင်း Duty Free ဆိုင်များမှ ၂၀၂၃ ခုနှစ်အတွင်း AED ၇.၈ ဘီလီယံကျော်ရရှိပြီး အရောင်းစံချိန်သစ်တင်နိုင်ခဲ့

Last Updated:

၂၀၂၃ ခုနှစ်အတွက် အရောင်းစံချိန်သစ်ကို AED ၇.၈၈၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂.၁၆ ဘီလီယံ)ရရှိခဲ့ကြောင်း ကြေညာခြင်းဖြင့် ဒူဘိုင်း Duty Free အတွက် နှစ်သစ်စတင်ခဲ့ပါသည်။ ၎င်းသည် ယခင်နှစ်ထက် အရောင်း ၂၄.၃၉ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ၂၀၁၉ ခုနှစ် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုမစတင်မီ အကြိုကာလကထက် ၆.၄၀  ရာခိုင်နှုန်းအထိ အရောင်းတိုးတက်ခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက လစဉ်ရောင်းအား AED ၈၀၇.၆ သန်း(အမေရိကန်ဒေါ်လာ ၂၂၁ သန်း)ဖြင့် ပြီးဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၈.၃၇ ရာခိုင်နှုန်းတိုးလာခဲ့ပါသည်။ အရောင်းအဝယ်ဈေးကွက်လည်ပတ်မှုမှာ Dubai Duty Free ၏ နှစ် ၄၀ ပြည့် အထိမ်းအမှတ်ပွဲများကြောင့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ၂၅ ရာခိုင်နှုန်းလျှော့စျေးများဖြင့် အရောင်းမြှင့်တင်လာသောအခါတွင် ၂၄ နာရီအတွင်း AED ၅၄.၁ သန်း(အမေရိကန်ဒေါ်လာ ၁၄.၈ သန်း) စျေးဝယ်မှုများရရှိခဲ့ပြီးဒီဇင်ဘာလ၏ ရောင်းအားကို ပိုမိုအားဖြည့်ပေးနိုင်ခဲ့ပါသည်။

အဆိုပါ Duty Free ဈေးအရောင်းလုပ်ငန်းသည် တစ်နှစ်ပတ်လုံးအရောင်းအ၀ယ်ပြုလုပ်မှုပေါင်း သန်း ၂၀ ကျော် သို့မဟုတ် တစ်ရက်လျှင် ပျမ်းမျှအရောင်းအ၀ယ်ပြုလုပ်မှုပေါင်း ၅၅,၀၀၀ ခန့်ဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီး ကုန်ပစ္စည်းအမယ်ပေါင်း ၅၅.၂ သန်းကျော်အထိ အံ့ဩဖွယ်ရာ အမြောက်အများရောင်းချနိုင်ခဲ့ပါသည်။

ယခုနှစ်အတွက် အရောင်းရဆုံးကုန်ပစ္စည်းအမျိုးအစားငါးမျိုးမှာ အဓိကအားဖြင့်ရေမွှေးများဖြစ်ပြီး ၎င်းနောက်တွင် ယမကာ၊ ရွှေ၊ စီးကရက်/ဆေးရွက်ကြီးနှင့် အီလက်ထရွန်းနစ်ကုန်ပစ္စည်းများဖြစ်ပါသည်။ AED ၁.၃၆၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃၇၄ သန်း)ရောင်းချခဲ့ပြီး ရေမွှေးသည် စုစုပေါင်းရောင်းချရမှု၏ ၁၇ ရာခိုင်နှုန်းကို ပံ့ပိုးပေးနိုင်ခဲ့ကာ အရောင်းရဆုံးအမျိုးအစားအဖြစ် ရပ်တည်ခဲ့ပါသည်။ ယမကာရောင်းချရမှုသည် AED ၁.၁၃၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃၁၀ သန်း)သို့ ရောက်ရှိခဲ့ပြီး စုစုပေါင်းနှစ်စဉ်ရောင်းချမှု၏ ၁၄ ရာခိုင်နှုန်းဖြစ်ပါသည်။

ယင်းကာလအတောအတွင်း ရွှေထည်ပစ္စည်းများသည် AED ၇၇၃,၅၀၆ သန်း(အမေရိကန်ဒေါ်လာ ၂၁၂ သန်း)ရောင်းအားမှတ်တမ်းတင်နိုင်ခဲ့ပြီး စုစုပေါင်း၀င်ငွေအတွက် ၁၀ ရာခိုင်နှုန်းပံ့ပိုးပေးခဲ့ပါသည်။ စီးကရက်/ဆေးရွက်ကြီးသည် AED ၇၄၅,၆၉၄ သန်း(အမေရိကန်ဒေါ်လာ ၂၀၄ သန်း)ဖြင့် စတုတ္ထနေရာတွင်ရပ်တည်ခဲ့ပြီး အီလက်ထရွန်းနစ်ပစ္စည်းများသည် AED ၆၂၈ သန်း(အမေရိကန်ဒေါ်လာ ၁၇၂ သန်း)ဖြင့် ပဉ္စမနေရာတွင် ရပ်တည်ကာ စုစုပေါင်းဝင်ငွေ၏ ၈ ရာခိုင်နှုန်းအဖြစ် ရောက်ရှိခဲ့ပါသည်။

အွန်လိုင်းဈေးရောင်းချမှုအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် စုစုပေါင်းရောင်းချရမှု၏ ၂ ရာခိုင်နှုန်းဖြစ်ပြီး AED ၁၆၄ သန်း(အမေရိကန်ဒေါ်လာ ၄၅ သန်း)သို့ ရောက်ရှိခဲ့ပါသည်။

အရောင်းအ၀ယ်ပြုလုပ်မှုများအနက် ပြည်ပထွက်ခွာရောင်းချမှုများတွင် AED ၇.၀၆၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၉၃ ဘီလီယံ)ရှိပြီး နှစ်စဉ်ရောင်းချမှုစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကိုကိုယ်စားပြုကာ ပြည်တွင်းဆိုက်ရောက်ရောင်းချမှုစုစုပေါင်းမှာ AED ၆၁၂ သန်း(အမေရိကန်ဒေါ်လာ ၁၆၈ သန်း)ရှိပြီး နှစ်စဉ်ရောင်းချမှုစုစုပေါင်း၏ ၈ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့ပါသည်။

Dubai Duty Free ရောင်းချမှုများအတွက် ထိပ်တန်းဈေးကွက်များတွင် အိန္ဒိယသည် AED ၉၇၃ သန်း(အမေရိကန်ဒေါ်လာ ၂၆၆ သန်း)ဖြင့် နံပါတ်တစ်နေရာတွင်ရောက်ရှိခဲ့ပြီး ရုရှား AED ၇၅၉ သန်း(အမေရိကန်ဒေါ်လာ ၂၀၈ သန်း)၊ တရုတ် AED ၅၆၄ သန်း(အမေရိကန်ဒေါ်လာ ၁၅၄ သန်း)၊ ဆော်ဒီအာရေဗျ၊ AED ၅၁၂ သန်း(အမေရိကန်ဒေါ်လာ ၁၄၀ သန်း)နှင့် ဗြိတိန် AED ၃၇၃ သန်း(အမေရိကန်ဒေါ်လာ ၁၀၂ သန်း)ဖြင့် ပဉ္စမနေရာတွင် ရရှိခဲ့ကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates news Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E