India (Kolkata)

အိန္ဒိယနိုင်ငံ၏ ယခုသီးနှံနှစ်၊ ဆောင်းသီးနှံ (ရာဘီ) စိုက်ပျိုးဧရိယာသည် ယခင်နှစ် စံချိန်နီးနီးသို့ ရောက်ရှိလာ

Last Updated:

အိန္ဒိယနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိဖြစ်သော လက်ရှိသီးနှံနှစ်အတွင်း ဆောင်းသီးနှံ(ရာဘီ)စိုက်ပျိုးဧရိယာမှာ ဟက်တာ ၆၅၄ ဒသမ ၈၉ သိန်းရှိပြီး၊ သာမန်စိုက်ပျိုးဧရိယာဟက်တာ ၆၄၈ ဒသမ ၃၃ သိန်းထက် ၁ ရာခိုင်နှုန်းပိုမိုတိုးမြင့်လာကြောင်း ယခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ ရရှိသောအချက်အလက်များအရ သိရသည်။ သို့သော် ယခင်နှစ်ကာလတူက ဟက်တာ ၆၆၃ ဒသမ ၀၇ သိန်းနှင့်နှိုင်းယှဉ်လျှင်မူ ၁ ရာခိုင်နှုန်းခန့် လျော့နည်းလျက်ရှိသေးသည်ကို တွေ့ရကြောင်းနှင့် အဆိုပါကွာဟချက်မှာ တစ်ဖြည်းဖြည်းကျဉ်းမြောင်းလာလျက်ရှိသည်ဟု The Hindu Businessline သတင်းဌာနက ဖော်ပြထားသည်။

ဂျုံစိုက်ဧရိယာမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ယခင်နှစ်ကာလတူကထက် ၅ ရာခိုင်နှုန်းကျဆင်းလျက်ရှိရာမှ ယခုအခါသိသိသာသာတိုးတက်လာသည်ကို တွေ့ရသည်။ နောက်ဆုံးရရှိသောအချက်အလက်များအရ ဂျုံစိုက်ဧရိယာဟက်တာ ၃၃၁ ဒသမ ၇ သိန်းရှိပြီး၊ ယခင်နှစ်ကာလတူက ဟက်တာ ၃၃၁ ဒသမ ၈၉ သိန်းရှိသည့်အတွက် (၁၉၀၀၀)ဟက်တာခန့်သာ ကွာဟချက်ရှိသည်။ သို့သော် Uttar Pradesh နှင့် Bihar ပြည်နယ်တို့တွင်သာ ဂျုံစိုက်ဧရိယာပိုမိုများပြားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ ဆောင်းသီးနှံ (ရာဘီ) စိုက်ပျိုးဧရိယာ နှိုင်းယှဉ်အခြေပြဇယား

သီးနှံ

၂၀၂၃-၂၄ (ဟက်တာ သိန်းပေါင်း)

၂၀၂၂-၂၃ (ဟက်တာ သိန်းပေါင်း)

% တိုး/လျှော့*

ဂျုံ (Wheat)

331.7

331.89

-0.1

စပါး (Paddy)

17.98

20.02

-10.2

ပဲမျိုးစုံ (Pulses)

148.18

156.15

-5.1

(နှံစားသီးနှံ) Coarse Cereals

49.82

48.31

3.1

(ပြောင်း) Maize

18.99

18.76

1.2

ဆီထွက်သီးနှံ (Oilseeds)

107.21

106.71

0.5

သီးနှံစုစုပေါင်း

654.89

663.07

-1.2

*၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့အထိ

ဇစ်မြစ်။ The Hindu Businessline

ယခုနှစ် ဆောင်းရာသီစိုက်ပဲမျိုးစုံဧရိယာသည် ဟက်တာ ၁၄၈ ဒသမ ၁၈ သိန်းရှိပြီး၊ ယခင်နှစ်က ဟက်တာ ၁၅၆ ဒသမ ၁၅ သိန်းရှိခဲ့သည့်အတွက် ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အကြောင်းမှာ ကုလားပဲ(chana)စိုက်ဧရိယာ ကျဆင်းခဲ့သည့်အတွက်ဖြစ်သည်ဟုဆိုသည်။ အဓိကပဲမျိုးဖြစ်သည့် ကုလားပဲစိုက်ပျိုးဧရိယာမှာ ယခုနှစ်တွင် ဟက်တာ ၁၀၀ ဒသမ ၁၂ သိန်းရှိပြီး၊ ယခင်နှစ်က ဟက်တာ ၁၀၇ ဒသမ ၆၅ သိန်းရှိခဲ့သည့်အတွက် ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သို့သော် ပဲနီလေးစိုက်ဧရိယာမှာ ယခင်နှစ်က ဟက်တာ ၁၈ ဒသမ ၂ သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၉ ဒသမ ၀၉ သိန်းသို့ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

နှံစားသီးနှံစိုက်ပျိုးဧရိယာမှာ ဟက်တာ ၄၉ ဒသမ ၈၂ သိန်းရှိပြီး၊ လွန်ခဲ့နှစ်က ဟက်တာ ၄၈ ဒသမ ၃၁ သိန်းသာရှိခဲ့သည့်အတွက် ၃ ရာခိုင်နှုန်းတိုးတက်လာသည်။ လူး/ဆတ်(Jowar) စိုက်ပျိုး ဧရိယာမှာ ဟက်တာ ၂၂ သိန်းရှိပြီး၊ လွန်ခဲ့သောနှစ်က ၂၁ ဒသမ ၅၂ သိန်းရှိသည့်အတွက် ၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ ပြောင်းမှာ ယခုနှစ်တွင် ဟက်တာ ၁၈ ဒသမ ၉၉ သိန်းရှိပြီး၊ ယခင်နှစ်က ၁၈ ဒသမ ၇၆ သိန်းရှိခဲ့သည့်အတွက် ၁ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးတိုးမြင့်လာခဲ့သည်။ ဘာလီစိုက်ဧရိယာမှာ ယခုနှစ်တွင် ဟက်တာ ၈ ဒသမ ၀၉ သိန်းရှိပြီး၊ ယခင်နှစ်က ၇ ဒသမ ၄ သိန်းသာရှိသည့်အတွက် တိုးမြင့်လာခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် မုံညှင်းစိုက်ပျိုးဧရိယာသိသိသာသာတိုးမြင့်လာခဲ့သည့်အတွက် ဆီထွက်သီးနှံစုစုပေါင်း၏ စိုက်ပျိုးဧရိယာများစွာကျဆင်းသွားခြင်းမျိုးမရှိအောင်ထိန်းထားနိုင်ခဲ့သည်။ ယခုနှစ် မုံညှင်းစိုက်ဧရိယာမှာ ပုံမှန်စိုက်ပျိုးဧရိယာဟက်တာ ၇၃ ဒသမ ၀၆ သိန်းထက်ကျော်လွန်ပြီး၊ ၉၈ ဒသမ ၈၆ သိန်းရှိသည့်အတွက် ယခင်နှစ်ကာလတူက ၉၆ ဒသမ ၇၁ သိန်းနှင့်နှိုင်းယှဉ်လျှင် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း တွေ့ရသည်။ ယခုနှစ်တွင် ဆောင်းရာသီဆီထွက်သီးနှံစိုက်ဧရိယာစုစုပေါင်းသည် ဟက်တာ ၁၀၇ ဒသမ ၂၁ သိန်းရှိပြီး၊ ယခင်နှစ်က ၁၀၆ ဒသမ ၇၁ သိန်းသာရှိခဲ့သည့်အတွက် မြင့်တက်လာကြောင်းနှင့် ၎င်းတို့အနက် မြေပဲစိုက်ဧရိယာမှာ ယခင်နှစ်က ဟက်တာ ၄ ဒသမ ၆၂ သိန်းမှ ယခုနှစ် ၃ ဒသမ ၇၃ သိန်းသာရှိသည့်အတွက် ၁၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ဆိုသည်။

မြေပဲသည် မိုး(ခါရစ်)သီးနှံတစ်မျိုးဖြစ်သော်လည်း ၎င်းကို Karnataka၊ Tamil Nadu၊ Telangana၊ Andhra Pradesh နှင့် Odisha ပြည်နယ်တို့တွင် ဆောင်းရာသီ၌ ၇ ဟက်တာခန့် စိုက်ပျိုးကြကြောင်း သိရသည်။

စပါးစိုက်ဧရိယာမှာ ယခင်နှစ်ကာလတူက ဟက်တာ ၂၀ ဒသမ ၀၂ သိန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၇ ဒသမ ၉၈ သိန်းအထိ စိုက်ပျိုးထားပြီးဖြစ်ကာ Tamil Nadu ပြည်နယ်တွင် ဟက်တာ ၁၁ ဒသမ ၁၂ သိန်းဖြင့် ဧရိယာအများဆုံးစိုက်ပျိုးထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ ဆောင်းသီးနှံ(ရာဘီ)စိုက်ပျိုးဧရိယာကိုကြည့်လျှင် ဂျုံ၊ စပါး၊ ပဲမျိုးစုံစိုက်ဧရိယာများမှာ ယခင်နှစ်ကာလတူကထက်ကျဆင်းခဲ့ပြီး၊ ပဲမျိုးစုံအနက် အထူးသဖြင့် ကုလားပဲစိုက်ဧရိယာ သိသိသာသာကျဆင်းခဲ့ကြောင်းတွေ့ရှိရသည်။ သို့သော်တစ်ဖက်တွင် ဆီထွက်သီးနှံ၊ နှံစားသီးနှံနှင့် ပြောင်းစိုက်ဧရိယာတိုးမြင့်ခဲ့ကာ၊ ဆီထွက်သီးနှံများအနက် မုံညှင်းစိုက်ဧကသိသိသာသာတိုးတက်များပြားခဲ့ကြောင်း တွေ့ရှိရသည်။ သို့ပါ၍ အိန္ဒိယနိုင်ငံ၏ ဆောင်းသီးနှံ(ရာဘီ)စိုက်ပျိုးဧရိယာများ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် တိုး/လျော့လျက်ရှိသည့်အပေါ် သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။       The Hindu Businessline သတင်းဌာန၊ “Rabi sowing exceeds normal acreage, wheat area near last year’s level”၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)       

Category: India (Kolkata)