India (Delhi)

ဂျုံ၊ ဆန်၊ သကြား တင်ပို့မှုများကန့်သတ်ထားသော်လည်း အိန္ဒိယ၏ လယ်ယာထွက်ကုန်တင်ပို့မှုများ တိုးမြှင့်နိုင်ဖွယ်ရှိ

Last Updated:

ဂျုံ၊ ဆန်နှင့် သကြားတို့အား တင်ပို့မှုကိုကန့်သတ်ထားသော်လည်း အိန္ဒိယ၏လယ်ယာထွက်ကုန်တင်ပို့မှုသည် 2023/24 ဘဏ္ဍာနှစ်တွင် မြင့်တက်လာမည်ဟု ကုန်သွယ်ရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ဂျုံ၊ ဆန်နှင့် သကြားထုတ်လုပ်သည့် အိန္ဒိယနိုင်ငံသည် ပြည်တွင်းစျေးနှုန်းများမြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ပြီးခဲ့သောနှစ်တွင် အဆိုပါကုန်စည်များတင်ပို့မှုကို ကန့်သတ်ခဲ့ကြောင်းနှင့် ယင်းကန့်သတ်ချက်များကြောင့် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံခန့်ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနက ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

အိန္ဒိယအနေဖြင့် 2022/23 တွင် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ 53 ဘီလီယံခန့်ရရှိခဲ့ပြီး ယခုနှစ်တွင် ဆန်၊ ဂျုံနှင့် သကြားတင်ပို့မှုအပေါ် ကန့်သတ်ထားသော်လည်း လယ်ယာထွက်ကုန်များကို တိုးမြှင့်တင်ပို့နိုင်မည်ဟု မျှော်လင့်ကြောင်း ကုန်သွယ်ရေးဝန်ကြီး Piyush Goyal က နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်သည့် ကွန်ဖရင့်တစ်ခု၌ ၎င်း၏မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

နိုင်ငံပိုင် ကုန်သွယ်မှုအဖွဲ့တစ်ခုဖြစ်သည့် APEDA ၏အချက်အလက်များအရ အသားနှင့် နို့ထွက်ပစ္စည်း၊ နှံစားသီးနှံ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်ပို့မှုသည် ယခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် အယ်လ်နီညိုရာသီဥတုနှင့် မိုးရွာသွန်းမှုမျှတမှုမရှိခြင်းတို့ကြောင့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ၏ အထွက်နှုန်းကို ထိခိုက်မှုရှိနိုင်သဖြင့် အဓိကထွက်ကုန်များဖြစ်သည့် ဆန်၊ ဂျုံနှင့် သကြားတင်ပို့မှုတို့ကို ကန့်သတ်ထားသော်လည်း ကျန်စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများတိုးမြှင့်တင်ပို့နိုင်ရန် မျှော်လင့်လျှက်ရှိသည့်အခြေအနေအား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: India’s Agricultural exports to rise despite curbs on wheat, rice and sugar, The Economic Times, January 8, 2024

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)