အိန္ဒိယအစိုးရဉာဏ်ကြီးရှင်များအဖွဲ့ဖြစ်သော NITI Aayog သည် အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုလျှော့ချရန်နှင့် ကိုယ်တိုင်ဖူလုံမှုရရှိစေရန်အတွက် ဘက်စုံချဉ်းကပ်သည့်မဟာဗျူဟာကို ချမှတ်ရန်အဆိုပြုခဲ့ကြောင်း သိရသည်။ အဆိုပါမဟာဗျူဟာသည် တန်ဖိုးမြှင့်တင်ခြင်း၊ ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုများလျှော့ချခြင်း၊ စိုက်ပျိုးဧရိယာတိုးချဲ့ခြင်းနှင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်းတို့အပေါ် အာရုံစိုက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု The Economic Times သတင်းစာက ယခုလ ၅ ရက်နေ့တွင် ဖော်ပြထား သည်။
"ပဲမျိုးစုံထုတ်လုပ်မှုမှာ ကိုယ်တိုင်ဖူလုံမှုရရှိခြင်းဟာ အိန္ဒိယနိုင်ငံရဲ့စားနပ်ရိက္ခာဖူလုံရေးနဲ့မြေဆီလွှာကျန်းမာရေးအတွက် အရေးကြီး ပါတယ်" ဟု Aayog က ယခုလ ၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့ သည့် ၎င်း၏ 'Strategies and Pathways for Accelerating Growth In Pulses Towards the Goal of Atmanirbharta' အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ပဲမျိုးစုံကိုယ်တိုင်ဖူလုံမှုရရှိစေရန်အတွက် မူဝါဒလမ်းပြမြေပုံသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေတွင်ကြေညာခဲ့သော ပဲမျိုးစုံဆိုင်ရာရည်မှန်းချက်(Pulses Mission)ကို အကောင်အထည်ဖော်ရန် အစိုးရ၏ ရည်ရွယ်ချက်နှင့်ကိုက်ညီကြောင်း သိရသည်။ အဆိုပါမစ်ရှင်သည် ပဲမျိုးစုံကိုယ်တိုင်ဖူလုံမှုရရှိစေရန် ရူပီးကုဋေ ၁,၀၀၀ ခွဲဝေချထားပေးထားသည့် ခြောက်နှစ်တာအစိုးရ၏ အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရသည်။ ၎င်းသည် တောင်သူများအတွက် အနိမ့်ဆုံးပံ့ပိုးစျေး(MSP)ကို အာမခံခြင်း၊ ရိတ်သိမ်းပြီးနောက် သိုလှောင်မှုဆိုင်ရာဖြေရှင်းချက်များပံ့ပိုးပေးခြင်းနှင့် ရာသီဥတုဒဏ်ခံနိုင်သောမျိုးစေ့များမြှင့်တင်ခြင်းတို့ဖြင့် အထူးသဖြင့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့၏ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရန်ရည်ရွယ်ကြောင်း သိရသည်။
အဓိက မဟာဗျူဟာများနှင့် ပစ်မှတ်များ
Aayog ၏အစီရင်ခံစာအရ အဆိုပါမဟာဗျူဟာများကို ထိရောက်စွာအကောင်အထည်ဖော်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံထုတ်လုပ်မှုကို သိသိသာသာမြှင့်တင်နိုင်ပြီး စုစုပေါင်းထုတ်လုပ်မှုကို တန်ချိန် ၂၀ ဒသမ ၁၀ သန်းအထိတိုးမြှင့်နိုင်ခြေရှိကြောင်း တွေ့ရှိရသည်။
"အဆိုပါသိသာထင်ရှားသော တိုးတက်မှုသည် လက်ရှိတန်ချိန် ၄ ဒသမ ၇၃၉ သန်းရှိသော ပဲမျိုးစုံတင်သွင်းမှုအပေါ် မှီခိုမှုကို လျှော့ချနိုင်ရုံသာမက ၂၀၃၀ ခုနှစ်တွင် ခန့်မှန်းထားသော တန်ချိန် ၁၅ ဒသမ ၇၄ သန်းရှိသည့် လိုအပ်ချက်ကွာဟမှုကိုလည်း ဖြည့်ဆည်းပေးနိုင်ပြီး အိန္ဒိယနိုင်ငံကို ပဲမျိုးစုံကဏ္ဍတွင် ကိုယ်တိုင်ဖူလုံသောနိုင်ငံအဖြစ် တည်ထောင်နိုင်ခြေရှိသည်"ဟုအစီရင်ခံစာတွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတင်သွင်းမှုတန်ချိန် ၆ ဒသမ ၅ သန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။
မူဝါဒဆိုင်ရာ အကြံပြုချက်များ
အဆိုပါမူဝါဒလမ်းပြမြေပုံ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Aayog သည် ပဲမျိုးစုံစိုက်ပျိုးဧရိယာကို ထိန်းသိမ်းထားရှိရန် အဆိုပြုခဲ့ပြီး ပြည်နယ် ၁၀ ခုရှိ ဆန်စိုက်ပျိုးပြီးနောက် လွတ်နေသောစုစုပေါင်းဧရိယာ၏ သုံးပုံတစ်ပုံအထိ ထုတ်လုပ်မှုကို ကွဲပြားအောင်ဆောင်ရွက်ဖို့လည်း အဆိုပြုခဲ့ကြောင်း သိရသည်။ "၎င်းသည် ပြည်တွင်းထုတ်လုပ်မှုကို သိသိသာသာမြှင့်တင်နိုင်ပြီး ပဲမျိုးစုံထွက်ရှိမှုတန်ချိန် ၂ ဒသမ ၈၅ သန်းအထိ တိုးလာနိုင်သည်ဟုခန့်မှန်းရသည်" ဟု ၎င်းက ပြောကြားခဲ့သည်။
Aayog အစီရင်ခံစာက အောက်ပါတို့ကိုလည်း အဆိုပြုခဲ့ကြောင်း သိရသည်-
(က) အရည်အသွေးမြင့်မျိုးစေ့များ အသုံးပြုခြင်း။
(ခ) တောင်သူထုတ်လုပ်သူအဖွဲ့အစည်းများ (FPOs) ကို ခိုင်မာအောင်ဆောင်ရွက်ခြင်း။
(ဂ) စျေးနှုန်းပံ့ပိုးမှုနှင့် ဈေးကွက်ဝင်ရောက်စွက်ဖက်မှုများ အကောင်အထည်ဖော်ခြင်း။
(ဃ) ပဲမျိုးစုံကို ပြည်သူ့ဖြန့်ဖြူးရေးစနစ်ထဲသို့ ပေါင်းစပ်ထည့်သွင်းခြင်း။
ထို့အပြင် အဆိုပါအစီရင်ခံစာသည် နိုင်ငံ၏ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေးတွင် ပဲမျိုးစုံအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း ဖော်ပြထားကြောင်း သိရသည်။
Source: The Economic Times, NITI Aayog Outlines Roadmap to Cut Pulses Imports, September 5, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)