၃၄ ကြိမ်မြောက် ဗီယက်နမ်နိုင်ငံတကာကုန်စည်ပြပွဲ(Vietnam Expo 2025) ကို ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဟနွိုင်းမြို့နိုင်ငံတကာပြပွဲဗဟိုဌာန(ICE)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရာပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ စီးပွားရေးလုပ်ငန်းပေါင်း ၄၀၀ ကျော်က ပြခန်းပေါင်း ၅၀၀ တွင်ပြသထားပြီး ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှာဖွေနိုင်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းမြှင်တင်ရန်နှင့် အဆင့်မြင့်နည်းပညာဆိုင်ရာဖြေရှင်းချက်များအတွက် အခွင့်အလမ်းများရရှိစေမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပြပွဲတွင် ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မှုအပါအဝင် အီလက်ထရောနစ်ပစ္စည်းများ၊ စက်ယန္တရားများနှင့် ပံ့ပိုးရေးလုပ်ငန်းများ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး၊ အစားအစာ၊ အဖျော်ယမကာနှင့် စိုက်ပျိုးရေးထွက်ကုန်များ၊ နိုင်ငံတကာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပါဝင်ကြောင်း ဖော်ပြထားပါသည်။
ယခုနှစ်တွင် Odoo HK၊ Zoho၊ STS၊ Diginet နှင့် Bizfly ကဲ့သို့သော ထိပ်တန်းဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းနှင့် နည်းပညာဆိုင်ရာကုမ္ပဏီများအပါအဝင် Viet Phap Aluminum၊ Hoang Vu Stainless Steel၊ Vinacomin၊ VNSTEEL Thang Long၊ Khang Viet Chemicals၊ Hanopro Adhesive Tape နှင့် Thanh Long Mechanical ကဲ့သို့သောအဓိကစက်မှုလုပ်ငန်းများကိုလည်း ခင်းကျင်းပြသထားကြောင်း သိရှိရပါသည်။
ထို့အပြင် Vietnam Expo 2025 တွင် ထူးခြားမှုတစ်ရပ်အနေဖြင့် FedEx, Long An International Port, Bee Logistics, Western Post, Smartlog, Intertrans နှင့် OPL စသည့်ထိပ်တန်းကုမ္ပဏီများပေါင်းစည်းထားသည့် အစိမ်းရောင်ထောက်ပံ့နှင့်ပို့ဆောင်ရေးဇုန်ပြခန်းများပါဝင်ပြီး ထောက်ပံ့နှင့် ပို့ဆောင်ရေးကွင်းဆက်စက်မှုလုပ်ငန်းအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုလျှော့ချရန်ရည်ရွယ်သည့် မဟာဗျူဟာများနှင့် နည်းပညာများပါဝင်ကြောင်းဖော်ပြထားပါသည်။
ဗီယက်နမ်ကုန်စည်ပြပွဲသည် ဆယ်စုနှစ်သုံးခုကျော်ကြာ ထင်ရှားသောသမိုင်းကြောင်းနှင့်အတူ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုကို ဆက်လက်ရရှိလျက်ရှိပါသည်။ အယ်လ်ဂျီးရီးယား၊ ကမ္ဘောဒီးယား၊ ဘယ်လာရုစ်၊ ကျူးဘား၊ တောင်ကိုရီးယား၊ လာအို၊ မြန်မာ၊ နီပေါနှင့် တရုတ်နိုင်ငံစသည့် နိုင်ငံတကာပြခန်းများတွင် ၎င်းတို့၏ ထိပ်တန်းထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ခင်းကျင်းပြသလျက်ရှိပါသည်။
ပြပွဲသည် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဌာနများ၏ အခိုင်အမာထောက်ခံမှုရရှိထားပြီး ပြပွဲလာရောက်လေ့လာသူများအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိမြို့ကြီး ၁၇ ကျော်မှ အထူးစိုက်ပျိုးရေးထွက်ကုန်များ၊ အစားအစာနှင့် အဖျော် ယမကာများကို ခံစားနိုင်မည်ဖြစ်သည်။
ဗီယက်နမ်-ဘယ်လာရုစ်စီးပွားရေးဖိုရမ်၊ ဗီယက်နမ်-ကျူးဘားစီးပွားရေးဖိုရမ်၊ ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-ဗီယက်နမ်စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးညီလာခံတို့အပါအဝင် ထင်ရှားကျော်ကြားသော ဖိုရမ်များနှင့် ကုန်သွယ်မှုမြှင့်တင်ရေးညီလာခံများကို ဆက်လက်ကျင်းပလျက်ရှိပါသည်။ အဆိုပါအစီအစဉ်များသည် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများမြှင့်တင်ရန်၊ ကုန်သွယ်မှုဆက်ဆံရေးအားကောင်းလာစေရန်နှင့် ကဏ္ဍများစွာတွင် စီးပွားရေးလုပ်ငန်းများအတွက် စျေးကွက်ဝင်ရောက်မှုချဲ့ထွင်ရန်အတွက် အရေးပါကြောင်း ဖော်ပြထားပါသည်။
ထို့အပြင် ဗီယက်နမ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအပါအဝင် ထိပ်တန်းစက်မှုလုပ်ငန်းအသင်းအဖွဲ့များ၊ အစိုးရအေဂျင်စီများနှင့်ပူးပေါင်း၍ ဆွေးနွေးပွဲများ ဆက်တိုက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဗီယက်နမ်ကုန်စည်ပြပွဲ ၂၀၂၅ တွင် Source Of Asia၊ Intech Group၊ VIPACO၊ Tri-Wall Vina နှင့် BConduct ကဲ့သို့သောထင်ရှားသည့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် တစ်ဦးချင်းစီးပွားရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများအတွက် အခွင့်အလမ်းများရရှိနိုင်ပါသည်။ အဆိုပါကုမ္ပဏီများသည် ဒေသတွင်းထောက်ပံ့ရေးကွင်းဆက်များအားကောင်းလာစေရန်အတွက် ဗီယက်နမ်နိုင်ငံမှ ပံ့ပိုးပေးသည့်စက်မှုကုမ္ပဏီများနှင့် မိတ်ဖက်များထူထောင်ရန် ရည်ရွယ်ကြောင်းသိရှိရပါသည်။
ဗီယက်နမ်ကုန်စည်ပြပွဲကို စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဗီယက်နမ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူး၍ VINEXAD JSC မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ၁၉၉၁ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: Vietnam Investment News
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)