Vietnam

ကာဗွန်ထုတ်လွှတ်နိုင်ခွင့် (Carbon Credit) ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအကောင်အထည်ဖော်ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် စင်ကာပူနိုင်ငံနှင့် ပီရူးနိုင်ငံ

Last Updated:

ပါရီသဘောတူညီချက်(Paris Agreement)၏ Article 6.2 အရ ကာဗွန်ထုတ်လွှတ်နိုင်ခွင့်(Carbon Credit)ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအကောင်အထည်ဖော်ရေးသဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် စင်ကာပူနိုင်ငံရေရှည်တည်တံ့မှုနှင့်ပတ်ဝန်းကျင်ဝန်ကြီးဌာန(Ministry of Sustainability and the Environment) ဝန်ကြီးနှင့် ကုန်သွယ်မှုဆက်ဆံရေးတာဝန်ခံဝန်ကြီးဖြစ်သူ Mr. Grace Fu နှင့် ပီရူးနိုင်ငံ ပတ်ဝန်းကျင်ဝန်ကြီးဌာနဝန်ကြီး Juan Carlos Castro Vargas တို့က အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုးခဲ့ပါသည်။ သဘောတူစာချုပ်သည် စင်ကာပူနိုင်ငံအတွက် လက်တင်အမေရိကနိုင်ငံနှင့် ပထမဦးဆုံးလက်မှတ်ရေးထိုးသည့်စာချုပ်ဖြစ်ပြီး စင်ကာပူနိုင်ငံ၏စတုတ္ထမြောက်အကောင်အထည်ဖော်ရေးသဘောတူစာချုပ်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် ကာဗွန်ထုတ်လွှတ်နိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအကောင်အထည်ဖော်ရေးသဘောတူစာချုပ်ကို ပါပူဝါနယူးဂီနီနိုင်ငံ၊ ဂါနာနိုင်ငံ၊ ဘူတန်နိုင်ငံတို့နှင့် လက်မှတ်ရေးထိုးထားပါသည်။

နှစ်နိုင်ငံအနေဖြင့် သဘောတူစာချုပ်အသက်ဝင်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပါရီသဘောတူညီချက်နှင့်အညီ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးစီမံကိန်းများမှ ကာဗွန်ထုတ်လွှတ်မှုနှင့် လွှဲပြောင်းမှုတို့အတွက် မူဘောင်ရေးဆွဲမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်သူများအနေဖြင့် အရည်အသွေးမြင့် carbon credit စီမံကိန်းများဆောင်ရွက်ရန်အတွက် အဆိုပါမူဘောင်ကို ကိုးကားနိုင်မည်ဖြစ်ပါသည်။ အကောင်အထည်ဖော်ရေးသဘောတူစာချုပ်အရ အကျုံးဝင်သည့် carbon credit နည်းလမ်းများနှင့် carbon credit စီမံကိန်းများ၏ ခွင့်ပြုချက်ဆိုင်ရာ လုပ်ငန်းစဉ်သတင်းအချက်အလက်များကို ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်ပါသည်။

Mr. Grace Fu က “စင်ကာပူနိုင်ငံနှင့် ပီရူးနိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ အကောင်အထည်ဖော်ရေးသဘောတူစာချုပ်သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကိုပိုမိုအားကောင်းစေမည်ဖြစ်ပြီး ကာဗွန်ဈေးကွက်တွင် အခွင့်အလမ်းအသစ်များကိုဖော်ဆောင်ရာ၌ ရာသီဥတုဆိုင်ရာ လုပ်ငန်းစဉ်များကို မြှင့်တင်ဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ဝန်ကြီး Castro က “ပီရူးနိုင်ငံသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ အများဆုံးရှိသည့်နိုင်ငံဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတုတည်ငြိမ်ရေးတွင် အဓိကကျသည့် အမေဇုံသစ်တောနှင့် Andean သစ်တောများရှိသည့်နိုင်ငံဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရေးသဘောတူစာချုပ်သည် ပြီးပြည့်စုံသည့်ကာဗွန်ဈေးကွက်များအတွက် နှစ်နိုင်ငံရည်မှန်းချက်များကို ပိုမိုထင်ဟပ်စေကြောင်း၊ သဘောတူစာချုပ်သည် ရာသီဥတုဆိုင်ရာရည်မှန်းချက်များကို အောင်မြင်စေရန်၊ သဘာတအရင်းအမြစ်များကို ကာကွယ်ရန်နှင့် ဒေသခံပြည်သူလူထုကို အထောက်အကူပြုမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ 

ပူးပေါင်းဆောင်ရွက်မှုသည် ပီရူးနိုင်ငံတွင် ကာဗွန်ထုတ်လွှတ်မှုလျော့ကျရေးအတွက် အလားအလာများကို ဖော်ဆောင်ပေးရန်အတွက် ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် နှစ်နိုင်ငံ၏ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များကို မြှင့်တင်ပေးမည်ဖြစ်ပါသည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Vietnam