U. A. E

ယူအေအီးအစိုးရသည် ၂၀၂၃ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈.၀၃ ဘီလီယံရရှိခဲ့

Last Updated:

ယူအေအီးအစိုးရသည် ၂၀၂၃ ခုနှစ် အတွက်ဝင်ငွေ AED ၆၆.၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၈.၀၃ ဘီလီယံ)ကိုရရှိခဲ့ပြီး ခိုင်မာသောစီးပွားရေးစွမ်းဆောင်မှုကို ထင်ဟပ်စေခဲ့ပါသည်။ ယူအေအီးနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်သော စုပေါင်းဘဏ္ဍာရေးရှင်းတမ်းအရ ယူအေအီးနိုင်ငံ၏အလားတူကာလအတွက် အသုံးစရိတ်သည် စုစုပေါင်း AED ၅၈.၂ ဘီလီယံရှိပြီး ခိုင်မာသောဘဏ္ဍာရေးလက်ကျန်ကို ထင်ထင်ရှားရှားပြသလျက်ရှိပါသည်။

အဓိကဘဏ္ဍာရေးအချက်များ

 စုစုပေါင်းဝင်ငွေ                  - AED ၆၆.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၀၃ ဘီလီယံ)

 စုစုပေါင်းအသုံးစရိတ်           - AED ၅၈.၂ ဘီလီယံ

 စုစုပေါင်းအစိုးရပိုင်ဆိုင်မှု      - AED ၃၉၁.၇ ဘီလီယံ

ဖော်ပြပါကိန်းဂဏန်းများအား ယူအေအီးနိုင်ငံ၏ဘဏ္ဍာရေးဆိုင်ရာ အခြေအနေနှင့် ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုဆိုင်ရာခြုံငုံသုံးသပ်ချက်များကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ယူအေအီးနိုင်ငံ၏စုပေါင်း ဘဏ္ဍာရေးရှင်းတမ်းတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်။

ဖယ်ဒရယ်အမျိုးသားကောင်စီမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်ကုန်အတွက်စုစည်းထားသော နှစ်ပတ်လယ် အစီရင်ခံစာတွင်ဖော်ပြထားသည့် ဖက်ဒရယ်ဥပဒေမူကြမ်းကိုလည်းအတည်ပြုခဲ့ပြီး အစီရင်ခံတင်ပြ ထားသောဘဏ္ဍာရေးကိန်းဂဏန်းများအတွက် ဥပဒေပြုရေးဆိုင်ရာပံ့ပိုးကူညီမှုကို ကိုယ်စားပြုထားကြောင်း ဖော်ပြပါရှိပါသည်။

ပြည်ထောင်စုအစိုးရ ရသုံးမှန်းခြေငွေစာရင်းနှင့်ဘဏ္ဍာရေးစီမံကိန်း

၂၀၂၂ ခုနှစ်တွင် ယူအေအီးအစိုးရသည် ၂၀၂၃-၂၀၂၆ ဘဏ္ဍာရေးနှစ်များအတွက် ၎င်း၏အသုံးစရိတ်မဟာဗျူဟာကို အကြမ်းဖျင်းဖော်ပြခဲ့ပါသည်။ ယူအေအီးနိုင်ငံ၏ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ် နှင့် ဒူဘိုင်းအုပ်ချုပ်သူ Sheikh Mohammed bin Rashid Al Maktoum မှ အတည်ပြုထားသော ပြည်ထောင်စုအစိုးရရသုံးမှန်းခြေငွေစာရင်းသည် စုစုပေါင်းအသုံးစရိတ် AED ၂၅၂.၃ ဘီလီယံနှင့်စုစုပေါင်း ဝင်ငွေ AED ၂၅၅.၇ ဘီလီယံရှိမည်ဟု ခန့်မှန်းထားပါသည်။

၂၀၂၃ ဘဏ္ဍာနှစ်အတွက် ယူအေအီးနိုင်ငံအစိုးရမှ ကန့်သတ်ထားသော ရသုံးမှန်းခြေငွေစာရင်းမှာ -

 စုစုပေါင်းအသုံးစရိတ်           - AED ၆၃.၀၆ ဘီလီယံ

 စုစုပေါင်းဝင်ငွေ                  - AED ၆၃.၆ ဘီလီယံ

၂၀၂၄ ခုနှစ်တွင် အဆိုပါရသုံးမှန်းခြေငွေစာရင်းကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ၂၀၂၄-၂၀၂၆ အတွက် ပြည်ထောင်စုအစိုးရ ရသုံးမှန်းခြေငွေစာရင်းအား AED ၁၉၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၂.၃ ဘီလီယံ)ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

ထပ်မံပြင်ဆင်ထားသောရသုံးမှန်းခြေငွေစာရင်းတွင်-

 ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းအသုံးစရိတ်      - AED ၆၄.၁ ဘီလီယံ၊ ၂၀၂၃ ထက် ၁.၆ % တိုးလာ

 ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းဝင်ငွေ              - AED ၆၅.၇ ဘီလီယံ၊ ၂၀၂၃ နှစ်ထက် ၃.၃ % တိုးလာ

ပြည်ထောင်စုအစိုးရ၏ရသုံးမှန်းခြေငွေစာရင်းသည် နိုင်ငံတော်စီးပွားရေးခိုင်မာမှုနှင့်အသုံးစရိတ်များနှင့် ၀င်ငွေမျှတမှုကိုထင်ဟပ်စေကြောင်း ယူအေအီးနိုင်ငံ၏ဒုတိယဝန်ကြီးချုပ်၊ ဒူဘိုင်း၏ ဒုတိယအုပ်ချုပ်သူနှင့်ဘဏ္ဍာရေးဝန်ကြီး Sheikh Maktoum bin Mohammed bin Rashid Al Maktoum က ပြောကြားခဲ့ပါသည်။   

စီးပွားရေးခံနိုင်ရည်ရှိမှုနှင့် ပိုငွေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင်ယူအေအီးအစိုးရ၏ ဝင်ငွေ ၃၁.၈ % စံချိန်တင်မြင့်တက်ခဲ့ပြီး အသုံးစရိတ်များ ၆.၁ % တိုးလာသဖြင့် ၂၀၂၂ ခုနှစ်အတွက် ဘတ်ဂျက်ပိုငွေကို အစီရင်ခံတင်ပြခဲ့ပါသည်။

ဤဘဏ္ဍာရေးရလဒ်များသည် ယူအေအီးနိုင်ငံ၏ခိုင်မာသောဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် စီးပွားရေးခံနိုင်ရည်ရှိမှုကိုညွှန်ပြနေခြင်းဖြစ်ပြီး နိုင်ငံ၏အနာဂတ်တိုးတက်မှုနှင့် တည်ငြိမ်မှုအတွက် ဦးစားပေးနေရာချထားခြင်းဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source:                            Gulf Business

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E