U. A. E

ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းသည် ကမ္ဘာ့နံပါတ် ၁ နေရာတွင်ရောက်ရှိနေ

Last Updated:

ဒူဘိုင်းယဉ်ကျေးမှုနှင့် အနုပညာအာဏာပိုင်အဖွဲ့ (Dubai Culture) ၏ ဥက္ကဋ္ဌဖြစ်သူ H.H. Sheikha Latifa bint Mohammed bin Rashid Al Maktoum သည် ဒူဘိုင်း၏ဦးဆောင်မှုကို ထိန်းသိမ်းရန်နှင့် ကမ္ဘာလုံးဆိုင်ရာတီထွင်ဖန်တီးမှုအတွက် စီးပွားရေးမြို့တော်အဖြစ် ၎င်း၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်သွားမည့် ယူအေအီးနိုင်ငံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအညွှန်းကိန်း(FDI Index)တွင် ဒူဘိုင်းသည် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်းများ(CCI)စီမံကိန်းများသို့ FDI အရင်းအနှီးဝင်ရောက်မှုအတွက် ကမ္ဘာတစ်ဝှမ်းရှိမြို့ပေါင်း ၁၁၅ မြို့တွင် နံပါတ် ၁ နေရာ၌ ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ ဤအောင်မြင်မှုသည် လန်ဒန်၊ နယူးယောက်နှင့် စင်္ကာပူတို့ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာဗဟိုဌာနများကို ကျော်လွန်သွားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအဆင့်သတ်မှတ်ချက်သည် Financial Times ၏ 'fDi Markets' အစီရင်ခံစာ၊ Greenfield FDI စီမံကိန်းများ၏အချက်အလက်များတို့အတွက် အဓိကအရင်းအမြစ်နှင့် အစီရင်ခံစာ၏ 'Creative Industries Cluster' အချက်အလက်အမျိုးအစားခွဲခြားခြင်းတို့အပေါ် အခြေခံထားပြီး ၎င်းမှာ CCI ကဏ္ဍခွဲများ၏စွမ်းဆောင်ရည်များကို တိုင်းတာထားခြင်းဖြစ်ပါသည်။

ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာန (DET) မှ ထုတ်ပြန်ထားသည့် Dubai FDI Monitor တွင် ဖော်ပြထားသောအချက်အလက်များအရ ဒူဘိုင်းသည် ၂၀၂၃ ခုနှစ်အတွက် FDI စီမံကိန်းပေါင်း ၈၉၈ ခုကို ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများတွင် ဆွဲဆောင်နိုင်ခဲ့ပြီး ယခင်နှစ်ကမှတ်ပုံတင်ထားသည့် FDI စီမံကိန်းပေါင်း ၄၅၁ ခုထက် ကိန်းဂဏန်းထက် နှစ်ဆနီးပါးမြင့်တက်လာခဲ့ပြီး စုစုပေါင်း FDI အရင်းအနှီးဝင်ရောက်မှုမှာ AED ၁၁.၈ ဘီလီယံဖြင့် ၆၀ % တိုးတက်လာခဲ့ပါသည်။ ထို့အပြင် ၂၀၂၃ ခုနှစ်တွင် FDI မှတစ်ဆင့်အလုပ်အကိုင်အခွင့်အလမ်းအသစ်ပေါင်း ၂၁,၅၆၃ ခု ခန့်ကို ဖန်တီးပေးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က ပမာဏထက် ၇၄ % မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

ဆွဲဆောင်မှုဂေဟစနစ်

ဒူဘိုင်းသည် ၎င်း၏အဆင့်မြင့်အခြေခံအဆောက်အအုံများ၊ ဥပဒေပြုရေး၊ ဥပဒေရေးရာနှင့် ဒစ်ဂျစ်တယ်မူဘောင်များကြောင့် စီမံကိန်းများအတွင်းသို့ FDI ဆွဲဆောင်ခေါ်ယူရာတွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုအနေအထားကို ထိန်းသိမ်းထားကြောင်း Sheikha Latifa မှ အတည်ပြုပြောကြားခဲ့ပါသည်။ ဤမူဘောင်များသည် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်အခြေ အနေကို လှုံ့ဆော်ပေးလျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းများနှင့်အရင်းအနှီးများအတွက် လိုက်လျောညီထွေရှိပြီး ပွင့်လင်းမြင်သာကာဆွဲဆောင်မှုရှိသည့် ပတ်ဝန်းကျင်အခြေအနေတစ်ရပ်ကိုဖန်တီးပေးလျက်ရှိပြီး ဆန်းသစ်တီထွင်မှုကိုမြှင့်တင်ရန်အတွက် စံနမူနာတစ်ခုဖြစ်လာစေခဲ့ပါသည်။

ဒူဘိုင်းသည် ကမ္ဘာတစ်ဝှမ်းတွင် ထိပ်တန်းကျွမ်းကျင်မှုများနှင့် စွမ်းရည်များကို ဆွဲဆောင်နိုင်သည့်ဂေဟစနစ်တစ်ရပ်ကိုအောင်မြင်စွာတည်ထောင်နိုင်ခဲ့ပြီး ယဉ်ကျေးမှုကွဲပြားမှုများကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ ယင်းတွင် ထူးခြားသည့်ဉာဏ်ရည်ဉာဏ်သွေးကူးလူးဆက်ဆံမှုနှင့်ပြည့်စုံပြီး ရေရှည်တည်တံ့စေသည့်ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေကာ ဒူဘိုင်းအား အလားအလာရှိပြီး ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းများအား ရှာဖွေတွေ့ရှိစေနိုင်သော စွန့်ဦးတီထွင်သူများနှင့့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် နေရာအခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သလို ကမ္ဘာပေါ်တွင် သွားရောက်လည်ပတ်နေထိုင်ရန်နှင့်ရင်းနှီးမြုပ်နှံရန်တို့အတွက် အကောင်းဆုံးမြို့ဖြစ်လာစေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ယူအေအီးနိုင်ငံ၏ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဒူဘိုင်းအုပ်ချုပ်သူ Sheikh Mohammed bin Rashid Al Maktoum ၏ ထူးခြားသောချဉ်းကပ်မှုနှင့် အမြော်အမြင်ရှိသောထိုးထွင်းသိမြင်မှုများကြောင့် ဒူဘိုင်း၏ယဉ်ကျေးမှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် စွမ်းရည်များအား ကမ္ဘာ့မြို့တော်အဖြစ် ခိုင်မာစေရန်အတွက် ရည်ရွယ်လာနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။Sheikha Latifa သည် ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှုစက်မှုလုပ်ငန်း(CCI)သို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ကို ဆွဲဆောင်ရာတွင် ဒူဘိုင်း၏ ကမ္ဘာလုံးဆိုင်ရာဦးဆောင်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပြီး စီးပွားရေးလွယ်ကူမှု၊ တီထွင်ဖန်တီးနိုင်စွမ်းကို ပြုစုပျိုးထောင်မှုနှင့် နောက်ဆုံးတွင် ယဉ်ကျေးမှုဆိုင်ရာ တက်ကြွမှုနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အစိုးရ၏ကြိုးပမ်းမှုများကို အသိအမှတ်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။

ဒူဘိုင်းစီးပွားရေးနှင့် ခရီးသွားလာရေးဌာန(DET)ညွှန်ကြားရေးမှူးချုပ် Helal Saeed Almarri က ဒူဘိုင်းသည် ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှုဆိုင်ရာစက်မှုလုပ်ငန်းများအပါအဝင် မြို့တော်၏အဓိကကဏ္ဍများစွာတွင် ခိုင်မာသောရင်းနှီးမြှုပ်နှံမှုနှင့်အလုပ်အကိုင်ဖန်တီးမှုတို့ဖြင့် ပံ့ပိုးပေးထားသည့် Greenfield FDI များကိုဆွဲဆောင်မှုတွင် ကမ္ဘာလုံးဆိုင်ရာဦးဆောင်သူအဖြစ် ၎င်း၏အဆင့်အတန်းအား ဆက်လက်ခိုင်မာစေရန် ဆောင်ရွက်ထားရှိကြောင်းကို ပြောကြားခဲ့ပါသည်။

ထိပ်တန်းအရင်းအမြစ်နိုင်ငံများ

၂၀၂၃ ခုနှစ်အတွင်း ဒူဘိုင်းသည်၎င်း၏တီထွင်ဖန်တီးမှုလုပ်ငန်းများအစုအဝေးတွင် FDI အရင်း အနှီးများတိုးလာသည်ကို မြင်တွေ့ခဲ့ရပါသည်။ ၎င်းတွင် အမေရိကန်နိုင်ငံမှ ၃၃.၂ % ဖြင့် ဦးဆောင်နေပြီး ဗြိတိန်၊ အိန္ဒိယ၊ ဟန်ဂေရီနှင့် ဒိန်းမတ်နိုင်ငံများမှ ဆက်လက်အစဉ်လိုက်နေရာများတွင် တည်ရှိခဲ့ပါသည်။အမေရိကန်နိုင်ငံသည် အလုပ်အကိုင်ဖန်တီးနိုင်မှုတွင် ထိပ်ဆုံးမှဦးဆောင်နေချိန်တွင် ဗြိတိန်နိုင်ငံသည် FDI စီမံကိန်းများကို ဦးဆောင်ခဲ့ပါသည်။ ၎င်းတို့အနက် Greenfield စီမံကိန်းများမှာ အများစုလွှမ်းမိုးလျက်ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၇၈.၇ % ပါဝင်လျက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြပါရှိပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E