Japan

ဂျပန်အစိုးရအနေဖြင့် နိုင်ငံအတွင်း ပဋိဇီဝဆေးဝါးများထုတ်လုပ်မှုကို ပံ့ပိုးပေးသွားမည်

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် ပဋိဇီဝဆေးဝါး(Antibiotics)ထုတ်လုပ်မှုကဏ္ဍတွင် တရုတ်နိုင်ငံအပေါ် အားထားနေရမှုကို လျှော့ချနိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့် ပြည်တွင်းပဋိဇီဝဆေးဝါးထုတ်လုပ်မှုကဏ္ဍကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

အဆိုပါသတင်း၌ အစိုးရမှ ပံ့ပိုးပေးမည့်အစီအစဉ်များတွင် Active Ingredients ထုတ်လုပ်သူ များပါဝင်မည်ဖြစ်ကြောင်း၊ ထို့အတူ အစိုးရမှ ပဋိဇီဝဆေးဝါးများဝယ်ယူသွားရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အစီအစဉ်သစ်ကို ယခုဘဏ္ဍာနှစ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ကုမ္ပဏီများအနေဖြင့် ပဋိဇီဝဆေးဝါးကုန်ချောကို ပြည်တွင်း၌ ထုတ်လုပ်လျက်ရှိကြောင်း၊ သို့သော် Active Ingredients များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်မှာ စရိတ်စက ကြီးမြင့်လျက်ရှိသည့်အတွက် ပြည်ပတွင် အများဆုံးထုတ်လုပ်လျက်ရှိကြောင်း၊ ခွဲစိတ်မှုများတွင်အသုံးပြုသည့် Beta-lactam ပဋိဇီဝဆေးဝါးအတွက် Active Ingredients အားလုံးနီးပါးကို တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းရလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ အဆိုပါ Active Ingredients များ ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံတွင် ပဋိဇီဝဆေးဝါးများပြတ်လပ်ခဲ့သည့်အတွက် ခွဲစိတ်မှုများလည်း ကြန့်ကြာခဲ့ရကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ဂျပန်အစိုးရအနေဖြင့် စီးပွားရေးလုံခြုံမှုဥပဒေကို ပြဌာန်းရာတွင် ပဋိဇီဝဆေးဝါးကို အရေးပါသည့်ကုန်စည်အဖြစ် သတ်မှတ်ထည့်သွင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် ပဋိဇီဝဆေးဝါးထုတ်လုပ်လျက်ရှိသော ကုမ္ပဏီများဖြစ်သည့် Meiji Seika Pharma နှင့် Shionogi Pharma တို့အနေဖြင့် ပဋိဇီဝဆေးဝါးအတွက်လိုအပ်သည့် Active Ingredients များထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါထုတ်လုပ်မှုလုပ်ငန်းအတွက် ဂျပန်ယန်း ၅၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃၄၁ သန်း)ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် အပြည့်အဝထုတ်လုပ်နိုင်မှုမှာ ၂၀၂၅ ဘဏ္ဍာနှစ်နှင့်နောက်ပိုင်းမှသာ စတင်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ Active Ingredients ထုတ်လုပ်သူများအနေဖြင့် Ingredients အမြောက်အများကို ဈေးနှုန်းသက်သာစွာထုတ်လုပ်နိုင်သည့်အတွက် ဂျပန်နိုင်ငံမှ ထုတ်လုပ်သူများမှာ ယှဉ်ပြိုင်နိုင်စွမ်းလျော့နည်းကာ အမြတ်ရရှိနိုင်ရန်လည်း ခက်ခဲလျက်ရှိကြောင်း၊ ထို့ကြောင့် Active Ingredients ထုတ်လုပ်သူများမှ ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချလိုမှုနည်းပါးလာခြင်းကို ဖြေရှင်း နိုင်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် ပြည်တွင်း၌ Active Ingredients ထုတ်လုပ်မှု စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်စေရေး ပံ့ပိုးမှုအစီအစဉ်များပြုလုပ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ဆေးဝါးကုန်ကြမ်းထုတ်လုပ်သူများကို ထောက်ပံ့မှုများဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ထုတ်လုပ်သည့်ကုန်စည်ကိုလည်း သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း၊ ပိုးမွှားများကိုသေစေနိုင်သည့် ပဋိဇီဝဆေးဝါးသည် ဆေးရုံများမှ ရရှိလာနိုင်သည့် ကူးစက်ရောဂါများကို ကာကွယ်နိုင်ရေးအတွက် အရေးပါလျက်ရှိကြောင်း၊ ကမ္ဘာ့ပဋိဇီဝဆေးဝါးများ၏ဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံမှ ၅၀ ဘီလီယံအထိရှိကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပဋိဇီဝဆေးဝါးများလုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ထားကြရန် ကမ္ဘာ့နိုင်ငံများအား တိုက်တွန်းလျက်ရှိကြောင်း၊ Active Ingredients ဝယ်ယူတင်သွင်းရသည့် ဈေးနှုန်းမြင့်တက်ခဲ့မှုကြောင့် လွန်ခဲ့သော ၅ နှစ်အတွင်း ပဋိဇီဝဆေးဝါးများ၏ဈေးနှုန်းမှာ အဆမတန်မြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် ပဋိဇီဝဆေးဝါးများ စဉ်ဆက်မပြတ်လုံလောက်စွာရရှိနိုင်ရေးလိုအပ်လျက်ရှိကြောင်းနှင့် အခြားသောကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း ပဋိဇီဝဆေးဝါးများ စဉ်ဆက်မပြတ်လုံလောက်စွာရရှိနိုင်ရေး အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် အမေရိကန်အစိုးရအနေဖြင့် Defense Production Act အရ နိုင်ငံအတွင်း မရှိမဖြစ်လိုအပ်သောဆေးဝါးများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားမည့်အစီအစဉ်များကို ကြေညာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံအနေဖြင့် ဆေးဝါးကုမ္ပဏီများကို ပုံမှန်ငွေကြေးထောက်ပံ့မှုများပြုလုပ်ခြင်းဖြင့် ပဋိဇီဝဆေးဝါးများ စဉ်ဆက်မပြတ်လုံလောက်စွာရရှိနိုင်မည့် Subscription Program ကို စတင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

သို့သော် ဂျပန်အစိုးရအနေဖြင့် Active Ingredients ကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ရေရှည် ထောက်ပံ့ပေးနိုင်မှုရှိ-မရှိမှာ မသေချာကြောင်းနှင့် အချို့သောဆေးကုမ္ပဏီများအနေဖြင့် အစိုးရမှသတ်မှတ်ပေးသည့် ဆေးဝါးဈေးနှုန်းများမှာ နည်းပါးလွန်းသဖြင့် ပြည်တွင်းထုတ်လုပ်မှုမှ အမြတ်ဝင်ငွေရရှိနိုင်မှုမှာ နည်းပါးလျက်ရှိကြောင်း၊ ဂျပန်အစိုးရ၏ ပံ့ပိုးမှုအစီအစဉ်သည် တရုတ်နိုင်ငံမှ Active Ingredients အပေါ် ဂျပန်နိုင်ငံမှ မှီခိုနေရမှုကို သိသိသာသာပြောင်းလဲနိုင်ဖွယ်မရှိကြောင်း၊ Active Ingredients ထုတ်လုပ်ရာတွင် အဆိပ်ရှိသည့်ဘေးထွက်စွန့်ပစ်ပစ္စည်းများမှ ကူးစက်မှုများဖြစ်ပွားမှုကို ရှောင်ရှားနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တင်းကြပ်သည့်စည်းမျဉ်းများကို လိုက်နာရန်လည်းလိုအပ်ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်မှုမြှင့်တင်ခြင်းအပြင် အရေးပေါ်အခြေအနေတွင် မိတ်ဖက်နိုင်ငံများမှ ဝယ်ယူရရှိနိုင်မည့်အစီအမံများလည်း ချမှတ်ဆောင်ရွက်ထားသင့်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: Japan