Japan

ဂျပန်အစိုးရအနေဖြင့် 3-D Holograms ပါဝင်သည့် ကမ္ဘာ့ပထမဆုံး ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့

Last Updated:

ဂျပန်အစိုးရအနေဖြင့် 3-D Holograms ပါဝင်သည့် ကမ္ဘာ့ပထမဆုံးငွေစက္ကူ ၁၀,၀၀၀ တန်၊ ၅,၀၀၀ တန်နှင့် ၁,၀၀၀ တန်များကို ၃-၇-၂၀၂၄ ရက်နေ့ နံနက် ၈ နာရီမှစတင်၍  ရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း ၃-၇-၂၀၂၄ ရက်နေ့တွင် ဂျပန်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်၌ ယန်း ၁၀,၀၀၀ တန်ငွေစက္ကူ၏မျက်နှာစာတွင် Shibusawa Eiichi ၏ရုပ်ပုံကိုလည်းကောင်း၊ ယန်း ၅,၀၀၀ တန်ငွေစက္ကူ၏မျက်နှာစာတွင် Tsuda Umeko ၏ရုပ်ပုံကိုလည်းကောင်း၊ ယန်း ၁,၀၀၀ တန်ငွေစက္ကူ၏မျက်နှာစာတွင် Kitasato Shibasaburo ၏ရုပ်ပုံကိုလည်းကောင်း ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ပြီး၊ ယန်း ၁၀,၀၀၀ တန်ငွေစက္ကူ၏ကျောဖက်တွင် တိုကျိုဘူတာ Marunouchi အဆောက်အဦ၊ ယန်း ၅,၀၀၀ တန်ငွေစက္ကူ၏ကျောဖက်တွင် wisteria ပန်း(သို့မဟုတ်)ဂျပန်နိုင်ငံတွင် ဖူဂျီပန်းဟုခေါ်သော ပန်းနှင့် ယန်း ၁,၀၀၀ တန်ငွေစက္ကူ၏ကျောဖက်တွင် ဂျပန်ရိုးရာသစ်သားပန်းချီပညာရှင်(ukiyo-e artist)ဖြစ်သူ Katsushika Hokusai မှဖန်တီးထားသည့် ဖူဂျီတောင် ၃၆ ဖက်မြင်ကွင်းနှင့် Kanagawa ရေလှိုင်းကြီးတို့၏ဓာတ်ပုံများကို ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါငွေစက္ကူများအား အတုအပပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရေးအတွက် အဆင့်မြင့် 3-D Holograms စတစ်ကာများလည်း ထည့်သွင်းသွားမည်ဖြစ်ကာ ငွေစက္ကူများကို Universal Design အဖြစ် မြှင့်တင်နိုင်ရန်နှင့် မည်သူမဆိုအသုံးပြုရလွယ်ကူစေရေးအတွက် ငွေစက္ကူ၏ရှေ့နှင့်နောက်တွင် ငွေစက္ကူတန်ဖိုးများကိုဖော်ပြရာတွင်လည်း ကိန်းဂဏန်းများကို ယခင်ထက် အရွယ်အစားပိုမိုကြီးမားစွာဖော်ပြထားကြောင်း၊ ဂျပန်ဗဟိုဘဏ်အနေဖြင့် ၃-၇-၂၀၂၄ ရက်နေ့တွင် အများပြည်သူထံသို့ ငွေစက္ကူ ၁.၆ ထရီလီယံယန်းဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ငွေစက္ကူမဲ့ပေးချေမှုသို့ ပြောင်းလဲသုံးစွဲလာလျက်ရှိသော်လည်း ငွေစက္ကူဖြင့်ပေးချေခြင်းသည် ပေးချေရာတွင် လုံခြုံစိတ်ချရသော နည်းလမ်းဖြစ်သည့်အပြင်၊ မည်သူမဆို၊ မည်သည့်နေရာတွင်မဆို၊ မည်သည့်အချိန်တွင်မဆို အသုံးပြုနိုင်သည့်အတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး)

Source: The Central Bank of Japan

Category: Japan