India (Kolkata)

အိန္ဒိယဝန်ကြီးများကော်မတီအစည်းအဝေးတွင် ဘာစမာတီမဟုတ်သော ဆန်များတင်ပို့မှုအပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ကန်ဒေါ်လာ ၅၀၀ သတ်မှတ်ဆုံးဖြတ်သွားဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး Amit Shah ဦးဆောင်သောဝန်ကြီးများကော်မတီအစည်းအဝေးမှ ယခုသီတင်းပတ်အတွင်း ဘာစမာတီမဟုတ်သော ဆန်များတင်ပို့မှုအပေါ်ထားရှိမည့် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းအား ၁ တန်လျှင် ကန်ဒေါ်လာ ၅၀၀ သတ်မှတ်ဆုံးဖြတ်သွားဖွယ်ရှိကြောင်း သိရသည်။ တစ်ဖက်တွင် ဘာစမာတီဆန်အပေါ် သတ်မှတ်ထားသည့် လက်ရှိအနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ကန်ဒေါ်လာ ၉၅၀ ကိုလျှော့ချသတ်မှတ်ပေးရန် တင်ပြထားသည့်ကိစ္စကိုမူ အချိန်ရွှေ့ဆိုင်းထားဖွယ်ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၈ ရက်က ဖော်ပြသည်။

အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လွန်ခဲ့သောသီတင်းပတ်က ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကာ ၎င်းတို့၏အခက်အခဲများကို နားထောင်ခဲ့ကြောင်း၊ အချို့သော အဆိုပြုတင်ပြချက်များကို ဝန်ကြီးများအစည်းအဝေး၌ စဉ်းစားပေးရန်ဆုံးဖြတ်ခဲ့ကြောင်း တရားဝင်သတင်းရင်းမြစ်များက ဖော်ပြသည်။

သို့သော် ဆန်ပို့ကုန်ခွန်နှင့်ပတ်သက်၍ ၎င်းတို့တောင်းဆိုထားသည့်အချက်မှာ လက်ရှိသတ်မှတ်ထားသော ၂၀ ရာခိုင်နှုန်းအခွန်အစား ၁ တန်လျှင် ကန်ဒေါ်လာ ၉၀ နှုန်းပုံသေသတ်မှတ်ပေးရန်ဖြစ်ကြောင်း၊ အစိုးရက အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း(MEP)ကို ၁ တန်လျှင် ကန်ဒေါ်လာ ၅၀၀ နှုန်းသတ်မှတ်ပေးရန်စဉ်းစားပြီး ပို့ကုန်ခွန်ကို ၁ တန်လျှင် ကန်ဒေါ်လာ ၁၀၀ သတ်မှတ်ရန်ဆုံးဖြတ်ခဲ့ဖွယ်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းက ပြောကြားခဲ့သည်။

အဆိုပါပုံသေခွန်ကို အကောက်ခွန်လွတ်တင်ပို့ခွင့်ပြုခဲ့သော ပေါင်းဆန်နှင့် အမျိုးသားသမဝါယမပို့ကုန်လီမိတက်(National Cooperative Exports Limited -NCEL)မှတစ်ဆင့် တင်ပို့သောဆန်ဖြူ(အကြမ်း)နှစ်ရပ်စလုံးအပေါ် စည်းကြပ်သွားမည်ဟု သိရသည်။

ကုန်သည်အသိုင်းအဝိုင်းမှတောင်းဆိုထားသော ဘာစမာတီဆန်၏ MEP အား ၁ တန်လျှင် ကန်ဒေါ်လာ ၈၀၀ မှ ၈၅၀ အတွင်း လျှော့ချသတ်မှတ်ပေးရန် တောင်းဆိုထားသည့် အချက်ကိုမူ လတ်တလောဆိုင်းငံ့ထားဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။

ဘာစမာတီဆန်၏ ပျှမ်းမျှပို့ကုန်ဈေးနှုန်းမှာ ယခုနှစ် ဧပြီလက ၁ တန်လျှင် ကန်ဒေါ်လာ ၁၀၇၀ ရှိခဲ့ရာမှ မေလတွင် ကန်ဒေါ်လာ ၁၀၈၀ သို့တိုးမြင့်လာကြောင်း ပို့ကုန်အချက် အလက်များအရ သိရသည်။ ဘာစမာတီမဟုတ်သော ဆန်ဖြူ၏ပျှမ်းမျှပို့ကုန်ဈေးနှုန်းမှာ ယခုနှစ် ဧပြီလက ၁ တန်လျှင် ကန်ဒေါ်လာ ၄၇၆ ခန့်ရှိခဲ့ရာမှ မေလတွင် ကန်ဒေါ်လာ ၄၇၄ သို့ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ပထမ ၂ လအတွင်း အိန္ဒိယနိုင်ငံမှ ပြည်ပသို့ ဘာစမာတီဆန်တင်ပို့မှု တန်ချိန် ၀ ဒသမ ၉၇ သန်းရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၀ ဒသမ ၈၃ သန်းသာတင်ပို့ခဲ့သည့်အတွက် ၁၇ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း သိရသည်။

သို့သော် ဘာစမာတီမဟုတ်သော ဆန်များတင်ပို့မှုမှာမူ ယခင်နှစ်က တန်ချိန် ၂ ဒသမ ၈၅ သန်းတင်ပို့ခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၁ ဒသမ ၉၄ သန်း တင်ပို့ခဲ့သည့်အတွက် ကျဆင်းခဲ့ကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံ၏ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအပေါ် အစိုးရအနေဖြင့် မူဝါဒဖြေလျှော့သတ်မှတ်သွားဖွယ်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ တရားဝင်သတင်းရင်းမြစ်များကို ကိုးကား၍ ခန့်မှန်းထားပါသည်။

ရည်ညွှန်း။          The Hindu Businessline, Ministers’ panel seen fixing a floor price of $500/tonne on non-Basmati rice exports, July 8, 2024     

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)