India (Delhi)

အိန္ဒိယနှင့် ဗြိတိန်တို့အကြား အဆိုပြုထားသည့် ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးပွဲများ ယခုလအတွင်း ဆက်လက်ကျင်းပမည်

Last Updated:

ဗြိတိန်တွင် အစိုးရသစ်တာဝန်ယူပြီးနောက် အိန္ဒိယနှင့်ဗြိတိန်မှ အကြီးတန်းအရာရှိများသည် အဆိုပြုထားသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အတွက် မပြီးပြတ်သေးသောကိစ္စရပ်များကို ဖြေရှင်းရန်နှင့် စေ့စပ်ညှိနှိုင်းမှုများအပြီးသတ်ရန် ယခုလတွင် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပြုထားသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(FTA)အတွက် အိန္ဒိယ-ဗြိတိန်ဆွေးနွေးပွဲများသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင်စတင်ခဲ့ပြီး နှစ်နိုင်ငံအထွေထွေရွေးကောက်ပွဲများပြုလုပ်သည့်ကာလအတွင်း ၁၄ ကြိမ်မြောက် ဆွေးနွေးပွဲများကို ရပ်နားထားခဲ့ကြောင်းသိရသည်။

ဗြိတိန်၏အသစ်ရွေးချယ်ခံရသော ဝန်ကြီးချုပ် Keir Starmer သည် စနေနေ့က အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi နှင့်စကားပြောခဲ့ပြီး နှစ်ဖက်စလုံးအတွက် အဆင်ပြေသည့် FTA ကို အပြီးသတ်ဆောင်ရွက်ရန်အသင့်ရှိကြောင်းနှင့် နှစ်နိုင်ငံအကျိုးရှိသော FTA အား ဆောလျင်စွာချုပ်ဆိုနိုင်ရေး ဦးတည်လုပ်ဆောင်ရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘော တူညီခဲ့ကြကြောင်း သိရှိရသည်။

FTA ၏ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာကဏ္ဍနှစ်ခုစလုံးတွင် မပြီးပြတ်သေးသောကိစ္စရပ်များရှိနေပြီး အိန္ဒိယစက်မှုလုပ်ငန်းသည် ယူကေဈေးကွက်သို့ IT နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သောကဏ္ဍများမှ ကျွမ်းကျင်ပညာရှင်များ ပိုမိုဝင်ရောက်ခွင့်ရရှိရန်နှင့် ကုန်ပစ္စည်းအမျိုးအစားများစွာအတွက် အကောက်ခွန်မဲ့ဖြင့် စျေးကွက်ဝင်ရောက်ခွင့်ရရှိရန်တောင်းဆိုထားသည်။

အခြားတစ်ဖက်တွင်ဗြိတိန်သည် စကော့ခ်ျဝီစကီ၊ လျှပ်စစ်ကားများ၊ သိုးသား၊ ချောကလက်နှင့် မုန့်အချိုကဲ့သို့သော ကုန်ပစ္စည်းများအပေါ် တင်သွင်းခွန်များကို သိသိသာသာလျှော့ချပေးရန်ကြိုးပမ်းနေသည်။ ထို့ပြင် တယ်လီဖုန်းဆက်သွယ်ရေး၊ ဥပဒေရေးရာနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု (ဘဏ်လုပ်ငန်းနှင့် အာမခံ)ကဲ့သို့သော အိန္ဒိယဈေးကွက်များရှိ UK ဝန်ဆောင်မှုလုပ်ငန်းများအတွက် အခွင့်အလမ်းများကို ရှာဖွေနေကြောင်း သိရှိရသည်။

အိန္ဒိယနှင့် ဗြိတိန်တို့သည် နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှုသဘောတူစာချုပ်(BIT)ကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ယခုဆွေးနွေးနေသောစာချုပ်တွင် ကုန်စည်၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်များပါဝင်ကာ အခန်း ၂၆ ခန်းရှိကြောင်း သိရှိရပါသည်။

အိန္ဒိယနှင့်ဗြိတိန်အကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၂၀.၃၆ ဘီလီယံမှ ၂၀၂၃-၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၁.၃၄ ဘီလီယံအထိ တိုးလာခဲ့သည်။

Starmer ဦးဆောင်သော ဗြိတိန်အစိုးရသစ်၏ နိုင်ငံခြားရေးအတွင်းဝန်အသစ် David Lammy ကလည်း FTA ဆွေးနွေးမှုကို အပြီးသတ်လိုပြီး ရွေးကောက်တင်မြှောက်ခံရသည့် ပထမလအတွင်း အိန္ဒိယသို့ သွားရောက်ရန် စီစဉ်ထားသည်ဟု ပြောကြားထားသည်။

ကမ္ဘာ့ကုန်သွယ်မှုသုတေသနအဖွဲ့အစည်း (Global Trade Research Initiative - GTRI)က အိန္ဒိယပညာရှင်များအတွက် ဗီဇာအရေအတွက်ကဲ့သို့သော အသေးစားညှိနှိုင်းမှုများသာ ကျန်ရှိပြီး  သဘောတူညီချက်သည် အပြီးသတ်လုနီးပါးဖြစ်ကြောင်းနှင့် ဗြိတိန်အနေဖြင့် ခွင့်ပြုပေးဖွယ်ရှိကြောင်း၊ ထို့ပြင် အိန္ဒိယသည် ကာဗွန်နယ်စပ်ဖြတ်ကျော်ထိန်းညှိရေးစနစ်(CBAM)နှင့် အလုပ်သမား၊ သဘာဝပတ်ဝန်းကျင်၊ ကျား၊မတန်းတူညီမျှမှုနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်များကဲ့သို့သော သမားရိုးကျမဟုတ်သည့် အကြောင်းအရာများကို အာရုံစိုက်သင့်သည်ဟု အကြံပြုထားသည်။ သမိုင်းကြောင်းအရ အိန္ဒိယသည် ယင်းအကြောင်းအရာများကို FTAs ​​တွင် ထည့်သွင်းအသုံးပြုရန် မကြာခဏငြင်းဆိုခဲ့ပြီး ၎င်းတို့သည် ပြည်တွင်းမူဝါဒကို ပြောင်းလဲရန်လိုအပ်ကြောင်း သိရှိရသည်။

GTRI အစီရင်ခံစာတွင် ဗြိတိန်သည် အထည်အလိပ်ကဲ့သို့သောကဏ္ဍများတွင် အခွန်စည်းကြပ်မှုကို ဖယ်ရှားရန် သဘောတူညီသည့်တိုင်အောင် အိန္ဒိယပို့ကုန်များသည် UK ၏ တင်းကြပ်သော ရေရှည်တည်တံ့မှုဆိုင်ရာသတ်မှတ်ချက်များနှင့် ပြည့်မီရန်လိုအပ်ပြီး ယင်းသည် အထူးသဖြင့် အလုပ်သမားများစွာအသုံးပြုရသည့် အိန္ဒိယပို့ကုန်ကဏ္ဍများကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်းဖော်ပြထားသည်။

Source: India, UK to hold next round of talks on proposed trade agreement this month, The Economic Times, 7 July 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)