ဥရောပမော်တော်ယာဉ် ထုတ်လုပ်သူများအသင်း(European Automobile Manufacturers' Association–ACEA) က ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ မေလအတွင်း ဥရောပကားဈေးကွက်တွင် တရုတ်ကားထုတ်လုပ်သူများသည် ဂျပန်ကားထုတ်လုပ်သူများကို ကျော်တက်ခဲ့ကြောင်းကို ၆-၇-၂၀၂၆ ရက် China Daily သတင်းစာမျက်နှာ၏ စီးပွားရေးကဏ္ဍတွင် ဖော်ပြပါရှိပါသည်။
မေလအတွင်း တရုတ်နိုင်ငံထုတ်ခရီးသည်တင်ကားအမှတ်တံဆိပ်များသည် ဥရောပကားသစ်ဈေးကွက်တွင် လစဉ် ကားဈေးကွက်ဝေစုကို ဂျပန်အမှတ်တံဆိပ်များထက် ပထမဆုံးအကြိမ်ပိုမိုရရှိခဲ့ပြီး၊ ဥရောပဈေးကွက်အတွင်း တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအတွက် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်လာခဲ့ကြောင်းဖော်ပြပါရှိပါ သည်။
တရုတ်နိုင်ငံ၏ အဓိကမော်တော်ယာဉ်ထုတ်လုပ်သည့် လုပ်ငန်း ၅ ခုဖြစ်သော “BYD၊ SAIC Motor၊ Geely၊ Chery နှင့်Leap motor” တို့သည် မေလအတွင်း ဥရောပနိုင်ငံ(၃၁)နိုင်ငံ၌ စုစုပေါင်း မော်တော်ကားအစီးရေ ၁၃၈,၄၁၀ စီး ရောင်းချနိုင်ခဲ့ပြီး၊ ယခင်နှစ် တူညီသောကာလနှင့်နှိုင်းယှဉ်ပါက ၆၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။
အခြားတစ်ဖက်တွင် Toyota၊ Nissan၊ Suzuki၊ Mazda၊ Honda နှင့် Mitsubishi Motors တို့အပါအဝင် ဂျပန်၏ အဓိကမော်တော်ယာဉ်ထုတ်လုပ်ခြင်း လုပ်ငန်း ၆ ခု၏ရောင်းအားမှာ ယာဉ်အစီးရေ ၁၃၀,၄၂၄ စီးရှိခဲ့ပြီး၊ ယခင်နှစ်ကထက် ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။
ဂျပန်နိုင်ငံ၏ “Nikkei” သတင်းစာတွင်လည်း ဥရောပသမဂ္ဂ(EU)သည် တရုတ်နိုင်ငံတွင် ထုတ်လုပ်သော လျှပ်စစ်ကား(EV Car)များအပေါ် အခွန်နှုန်းထားများ တိုးမြှင့်ချမှတ်ထားသော်လည်း ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း၊ လျှပ်စစ်ကားနည်းပညာလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ဒေသတွင်းထုတ်လုပ်မှု၊ လုပ်ငန်းလည်ပတ်မှု(Localization) ကိုပိုမိုတိုးချဲ့ဆောင်ရွက်လာခြင်းတို့ကြောင့် တရုတ်ကားထုတ်လုပ်သူများသည် ဥရောပဈေးကွက်တွင် ကားဈေးကွက်ဝေစုကို ပို၍ချဲ့ထွင်နိုင်ခဲ့သည်ဟု ဖော်ပြထားပါသည်။
ယခုကဲ့သို့ကားဈေးကွက်ဝေစုကို ချဲ့ထွင်နိုင်ခြင်းမှာ သီးခြားဖြစ်ရပ်တစ်ခုမျိုးမဟုတ်ဘဲ လွန်ခဲ့သောတစ်လအချိန်ကပင် တောင်ကိုရီးယားနိုင်ငံ၏ကားတင်သွင်းမှုဈေးကွက်တွင် တရုတ်နိုင်ငံမှထုတ်လုပ်သော ခရီးသည်တင် EV ကားများ၏လစဉ်ရောင်းအားသည် ဂျပန်အမှတ်တံဆိပ်ကားများကို ပထမဆုံးအကြိမ်ကျော်လွန်ခဲ့ပြီး ထိုအောင်မြင်မှုကို BYD ကားထုတ်လုပ်သည့်လုပ်ငန်းတစ်ခုတည်း၏ရောင်းအားဖြင့် ကျော်လွန်ခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် ထုတ်လုပ်သောကားများ၏ရောင်းအားသည် ဂျပန် နိုင်ငံထုတ် Lexus၊ Toyota နှင့် Honda တို့၏စုစုပေါင်းရောင်းအားထက်ပင် ပိုမိုများပြားခဲ့ပါသည်။
(ကြည်မင်းဟန်၊ စီးပွားရေးသံမှူး၊ ချုံချင့်မြို့)