Phillippines

ဖိလစ်ပိုင်ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းသည် MSMEs လုပ်ငန်းများအား စာရင်းစစ်စစ်ဆေးပြီး ဘဏ္ဍာရေး ရှင်းတမ်းလိုအပ်ချက်အား ဖြေလျှော့ပေးလို

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏မူဝါဒအရ တစ်ဦးပိုင်၊ အများပိုင်ကုမ္ပဏီများအားလုံးသည် ဖိလစ်ပိုင်ငွေကြေးသက်သေခံလက်မှတ် လုပ်ငန်း(Securities and Exchange Commission–SEC)ထံတွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရပါကြောင်း၊ SEC မှ စုစုပေါင်းပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့် ပီဆို ၃ သန်းနှင့်အောက်ပမာဏရှိ  ဖိလစ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs)များအား စာရင်းစစ်စစ်ဆေးပြီး ဘဏ္ဍာရေးရှင်းတမ်းတင်ပြစေရန် အချက်အား ဖြေလျှော့ပေးလိုကြောင်းဖော်ပြထားပါသည်။ (၃-၁၁-၂၀၂၅)ရက်နေ့ကထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် SEC သည် ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီးဌာန(Department of Finance)သို့ စုစုပေါင်းပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့် ပီဆို ၃ သန်းအောက်ပမာဏရှိ လုပ်ငန်းများအနေဖြင့် နှစ်စဉ်ဘဏ္ဍာရေးရှင်းတမ်း တင်ပြရာတွင် စာရင်းစစ်စစ်ဆေးပြီးအစီရင်ခံတင်ပြရမည့်အစား အစိုးရအသိအမှတ်ပြုလက်မှတ်ရ ၎င်းတို့ကုမ္ပဏီ ၏ဘဏ္ဍာရေးအရာရှိချုပ်(Chief Financial Officer–CFO) သို့မဟုတ် ဘဏ္ဍာရေးမှူး(Treasurer)မှ စစ်ဆေးထားရှိသည့် ဘဏ္ဍာရေးရှင်းတမ်းအား တင်ပြနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

ပြင်ဆင်ထားရှိသည့် Revised Corporation Code–RCC တွင် စုစုပေါင်းရရန်ပိုင်ခွင့်နှင့်ပေးရန်တာဝန် ပီဆို ၆ သန်း အနည်းဆုံးရှိသော လုပ်ငန်းများသည် လွတ်လပ်သော ပြည်သူ့စာရင်းကိုင်များမှ စစ်ဆေးအတည်ပြုထားသည့် ဘဏ္ဍာရေးရှင်းတမ်းအား နှစ်စဉ်တင်ပြရမည်ဖြစ်ပါသည်။ SEC  မှ ပြင်ဆင်ပြဋ္ဌာန်းမည့် နည်းဥပဒေ၊ စည်းမျဉ်းများအား ဘဏ္ဍာရေးဝန်ကြီးဌာမှ ဆုံးဖြတ်ပေးရမည့် အခွင့်အာဏာရှိပါကြောင်း၊ SEC ဥက္ကဋ္ဌဖြစ်သူ Francis Lim ၏ သတင်းထုတ်ပြန်ချက်တွင် MSMEs များသည် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးအတွက် ကျောရိုးအဖြစ် တည်ရှိနေပြီး အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်သဖြင့် ၎င်းတို့အတွက် လွယ်ကူရိုးရှင်းစွာ လုပ်ငန်းဆောင်ရွက်နိုင်စေရန် ဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးရန်မှာ အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင် လုပ်ငန်းမှတ်ပုံတင်သည့် ပမာဏ၏ ၉၉.၆၃% မှာ MSMEs လုပ်ငန်းများ ဖြစ်ပါကြောင်း၊  အဆိုပါပမာဏအနက် ၉၀.၆၆% မှာ စုစုပေါင်းရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန် ပီဆို ၃ သန်းခန့်သာရှိသည့် အသေးစားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး ၈.၆၀% မှာ ပီဆို ၃ သန်းမှ ၁၅ သန်းကြားရှိသည့် အငယ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ၀.၃၇% မှာ ပီဆို ၁၅ သန်းမှ သန်း ၁၀၀ ကြားရှိသည့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source; https://www.gmanetwork.com/news/money/companies/964668/sec-wants-msmes-exempted-from-audited-financial-statement-requirement/story

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines