China(Beijing)

တရုတ်နိုင်ငံသည် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ ဆန်းသစ်တီထွင်မှု၏ အဓိကတွန်းအားဖြစ်

Last Updated:

တရုတ်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသည် အလွန်ဆန်းသစ်ပြီး နည်းပညာတိုးမြှင့်ရေး ဦးတည်ဆောင်ရွက်ခြင်းကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ ဆန်းသစ်တီထွင်မှုကို သိသာစွာကူညီထောက်ပံ့ပေးလျက်ရှိကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

နိုင်ငံတကာကုန်စည်ပြပွဲနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Messe Muenchen GmbH မှ နိုင်ငံတကာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဦးစီးဆောင်ရွက်လျက်ရှိသူ Dr. Robert Schoenberger က မြူးနစ်မြို့တွင်ပြုလုပ်လျက်ရှိသည့် ၂၀၂၅ခုနှစ် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာပြပွဲတွင် ပြသလျက်ရှိသည့် တရုတ်ကုမ္ပဏီများသည် နည်းပညာဆိုင်ရာအသွင်ကူးပြောင်းခြင်း၊ လျင်မြန်စွာအကောင်အထည်ဖော်နိုင်ခြင်း၊ ဒစ်ဂျစ်တယ်နှင့် အလိုအလျောက်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အသုံးပြုကိရိယာများ လျင်မြန်စွာတိုးတက်နေမှုကို ပြသလျက်ရှိကြောင်း၊ တစ်နည်းအားဖြင့် ခေတ်မီသည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို တရုတ်နိုင်ငံမှတီထွင်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားနိုင်ကြောင်း၊ ထိုသို့စဉ်းစားကြည့်ပါက အနာဂတ်ကာလတွင် မည်သည့်နေရာမှ စီးပွားရေးလုပ်ငန်းများအဓိကဆောင်ရွက်မည်ကို  ဖော်ပြလျက်ရှိသည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Messe Muenchen GmbH သည် ဂျာမနီနိုင်ငံတောင်ပိုင်း မြူးနစ်မြို့တွင် ထောက်ပံ့ပို့ဆောင်ရေး၊ ရွေ့လျားသွားလာမှု၊အိုင်တီ၊ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်စီမံခန့်ခွဲမှုများနှင့်စပ်လျဉ်း၍ လေးရက်ကြာပြုလုပ်သည့် နိုင်ငံတကာပြပွဲကို စီစဉ်သူဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံမှကုမ္ပဏီပေါင်း ၁၄၀ ကျော်သည် ၎င်းတို့၏နောက်ဆုံးထွက်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ဖြေရှင်းဆောင်ရွက်ခြင်းဆိုင်ရာအချက်အလက်များကို ပါဝင်ပြသလျက်ရှိကြောင်းသိရှိရပါသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံမှပါဝင်သည့် ပြခန်းအရေအတွက်သည် ယခင်နှစ်ကထက်နှစ်ဆကျော်တိုးတက်ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ကြီးမားသည့်တိုးတက်မှုတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် တရုတ်နိုင်ငံမှကုမ္ပဏီများ ပြသသည့်ကဏ္ဍတစ်ခုမှာ လေကြောင်းကုန်စည်ပို့ဆောင်ရေးကဏ္ဍဖြစ်ကြောင်း၊ ပုံမှန်ကုန်စည်ပို့ဆောင်မှုအပိုင်းနှင့်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုများအပိုင်းဟူ၍ ပိုမိုတွေ့မြင်လာရကြောင်း၊ အဆိုပါကုမ္ပဏီများ၏ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာရည်မှန်းချက်နှင့် ကြီးထွားလာသည့် ယှဉ်ပြိုင်နိုင်စွမ်းကို ထင်ဟပ်မှုတစ်ခုအဖြစ် တရုတ်နိုင်ငံမှ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများသည် ဥရောပဈေးကွက်သို့ ချဲ့ထွင်လျက်ရှိနေကြောင်း Dr. Schoenberger မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဆက်လက်၍ Dr. Schoenberger မှ ယင်းသို့ဖြစ်ပေါ်လာခြင်းသည် ကြီးမားသည့်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ကြောင်းနှင့် ၂၀၀၄ ခုနှစ်မှစတင်ကာ ရှန်ဟိုင်းမြို့တွင် နှစ်နှစ်တစ်ကြိမ်ကျင်းပလျက်ရှိသည့် တရုတ်နိုင်ငံသယ်ယူပို့ဆောင်ရေးကုန်စည်ပြပွဲ၏ ဖွံ့ဖြိုးတိုးတက်မှုရလဒ်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ၂၀၀၆ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကုန်စည်ပြပွဲသို့ ပထမအကြိမ် သွားရောက်လည်ပတ်မှုကို ပြန်လည်အမှတ်ရစေကြောင်း၊ အဆိုပါခရီးစဉ်သည် ၎င်း၏စျေးကွက်ရှာဖွေရေးခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း၊ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ တရုတ်နိုင်ငံတွင်း ပြည်တွင်းကုန်စည်ပြပွဲများ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး တရုတ်နိုင်ငံ၏စျေးကွက်ကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ အဆိုပါကိစ္စရပ်သည် နိုင်ငံတွင်းဒေသများအတွက် များစွာအဖိုးတန်သည့်ဆောင်ရွက်မှုများဖြစ်ကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍရှိ တရုတ်ကုမ္ပဏီများတိုးပွားစေသည့်ရလဒ်ကို ဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ပြိုင်ဆိုင်မှုအပေါ် ဂျာမန်ကုမ္ပဏီများ၏ ခံစားမှုနှင့်စပ်လျဉ်း၍ မေးမြန်းချက်ကို Dr.Schoenberger မှ ပြိုင်ဆိုင်မှုအပေါ် အာရုံစိုက်ခြင်းမဟုတ်ဘဲ တိုးတက်မှုမျှဝေခြင်းအပေါ်ကို အာရုံစိုက်သင့်သည်ဟု ပြန်လည်ဖြေကြားထားကြောင်း၊ အတူတူပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးမှု၊ အတူတကွ အလုပ်လုပ်ကိုင်ခြင်းတို့မရှိပါက ထောက်ပံ့ကူညီမှုများမရနိုင်ကြောင်း၊ မိမိတို့အားလုံးတွင် ကိုယ်ပိုင်ကျွမ်းကျင်မှုများရှိကြောင်း၊အဆိုပါကျွမ်းကျင်မှုများကိုအသုံးချရန်နှင့် မိမိတို့တစ်ဦးမှတစ်ဦးသို့ အားလုံးကို မျှဝေသင်ကြားဆောင်ရွက်မည်ဆိုပါက ပိုမိုကောင်းမွန်လာမည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည်မှာ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၏ အဓိကစကားလုံးဖြစ်ကြောင်း၊ လေကြောင်းကုန်စည်ပို့ဆောင်ရေးမိတ်ဖက်အဖွဲ့အစည်းများ သို့မဟုတ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဆိုင်ရာကွန်ရက်များတွင် ပူးပေါင်းဆောင်ရွက်မှုပုံစံများ ကောင်းမွန်စွာထူထောင်ထားသင့်ကြောင်း၊အနာဂတ်ကာလတွင် မြင်တွေ့ရမည့်အရာတစ်ခုမှာ ကမ္ဘာတစ်ဝှမ်းလုံး၌ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့်ကုမ္ပဏီများ ပိုများပြားလာမည်ဖြစ်သဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင်တရုတ်နိုင်ငံသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်ဟုသိရှိရပါသည်။

ကမ္ဘာ့စီးပွားရေးတွင် မသေချာမရေရာမှုများရှိနေသော်လည်း Dr. Schoenberger က ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍနှင့်ပတ်သက်၍ အကောင်းမြင်နေဆဲဖြစ်ကြောင်း၊ ကဏ္ဍတွင်းခံနိုင်ရည်ရှိမှုကို ဆက်လက်ပြသလျက်ရှိကြောင်းနှင့် ပေါ်ပေါက်လာမည့်အခွင့်အလမ်းများလည်း ပြည့်နှက်လျက်ရှိသည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ထောက်ပံ့ပို့ဆောင်ရေးနှင့်စပ်လျဉ်း၍ ကောင်းမွန်သည့်အရာတစ်ခုမှာ ဖြေရှင်းထောက်ပံ့နိုင်စွမ်းရှိသည့် လုပ်ငန်းနယ်ပယ်တစ်ခုဖြစ် ကြောင်း၊အဆိုပါကိစ္စအားလုံးမှာ ကွန်ရက်ချိတ်ဆက်မှုဖြစ်ကြောင်းနှင့် ၎င်းတို့၏လုပ်ငန်းနယ်ပယ်အတွင်း  နည်းလမ်းများအမြဲတမ်းရှာဖွေလျက်ရှိကြောင်း၊ အနာဂတ်ကာလစီးပွားရေးနှင့် ထုတ်လုပ်မှုများပုံစံများ မည်သို့ဖြစ်ပေါ်မည်ကို စောင့်ကြည့်လျက်ရှိကြောင်း၊ သို့ရာတွင် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ စျေးကွက်တစ်ခုအမြဲရှိနေမည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

Source: https://en.people.cn/n3/2025/0606/c90000-20324316.html

(သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့)   

Category: China(Beijing)