Thailand

ထိုင်းနိုင်ငံ၏ အမေရိကန်နှင့် အခွန်ဆိုင်ရာညှိနှိုင်းမှုသည် သတ်မှတ်ထားသော နောက်ဆုံးရက်မတိုင်မီ အပြီးသတ်နိုင်ရန် ထိုင်းကုန်သည်ကြီးများအသင်းက မျှော်မှန်းထား

Last Updated:

ထိုင်းနိုင်ငံသည် အမေရိကန်နှင့် အခွန်ဆိုင်ရာညှိနှိုင်းမှုကို နောက်ဆုံးရက်မတိုင်မီ ဇူလိုင်အစောပိုင်းတွင် အပြီးသတ်ဆွေးနွေးနိုင်မည်ဟု ထိုင်းကုန်သည်ကြီးများအသင်းက မျှော်လင့်ထားကြောင်း သိရှိရပါသည်။

အခွန်နှုန်းထားသည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေကြီးမားသည့် ဗီယက်နမ်မှညှိနှိုင်းသည့် နှုန်းထားထက် ပိုမိုသင့်တင့်သောနှုန်းထားဖြစ်ရန် မျှော်မှန်းထားပါကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နှင့် ဗီယက်နမ်တို့အကြားညှိနှိုင်းမှု ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်သို့ တင်ပို့သည့် ဗီယက်နမ်ပို့ကုန်များအပေါ် အခွန် ၂၀ ရာခိုင်နှုန်းနှင့် တစ်ဆင့်ခံကုန်သွယ်မှုအပေါ် အခွန် ၄၀ ရာခိုင်နှုန်းဖြစ်သည်ကို ၂-၇-၂၀၂၅ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ထိုင်းနှင့်အမေရိကန်တို့အကြား ယခင်က အွန်လိုင်းဆွေးနွေးမှုများရှိပြီး ယခုရက်သတ္တပတ်အတွင်း ညှိနှိုင်းမှုများသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိကန်နှင့်သဘောတူညီမှုကို ဇူလိုင် ၉ ရက်နေ့တွင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ Mr. Poj Aramwattananont က ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chungavajira က အမေရိကန်ငွေတိုက်အတွင်းရေးမှူး Scott Bessent နှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့နှင့်တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုရလဒ်များ ထွက်ရှိလာမည်ဖြစ်ကြောင်း၊ ထုတ်ကုန်များအတွက် ဗီယက်နမ်ပြည်တွင်းထုတ် ပါဝင်မှုအချိုးအပါအဝင် အမေရိကန်သို့တင်ပို့သည့် ဗီယက်နမ်မှတစ်ဆင့် တစ်ဆင့်ခံကုန်သွယ်မှုအပေါ် အခွန် ၄၀ ရာခိုင်နှုန်းသတ်မှတ်ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံရှိ ကုန်သွယ်မှုရှောင်တိမ်းမှုပြဿနာများကို တရုတ်နှင့်နယ်စပ်မျှဝေထားသည့် ဗီယက်နမ်ထက် ပိုမိုလွယ်ကူစွာဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏အဆိုပြုလွှာများသည် မဆိုးသော်လည်း အမေရိကန်၏အခြားသော လိုလား ချက်များရှိ-မရှိ ဆိုသည်မှာ မရှင်းလင်းပါကြောင်း Mr. Poj က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှဖြတ်သန်း၍ ကုန်သွယ်မှုရှောင်တိမ်းခြင်းဖြစ်ပါက အမေရိကန်၏အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံနိုင်ရသည်ကို ဗီယက်နမ်၏ညှိနှိုင်းမှုက ပြသပါကြောင်း၊ ယင်းသည် ဆိုလာဆဲလ်များ၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ၊ ဘက်ထရီများနှင့် အီလက်ထရောနစ်အစိတ်အပိုင်းကဲ့သို့သော တရုတ်ကုန်စည်များတွင် သက်ရောက်နိုင်ပါကြောင်း၊ ဗီယက်နမ်သည် အမေရိကန်နှင့်ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံရှိပြီး ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံရှိသောကြောင့် ထိုင်းနိုင်ငံ၏အခွန်နှုန်းထားသည် ဗီယက်နမ်ထက် နည်းနိုင်သော် လည်း တူညီသည့်နှုန်းထားလည်းကြုံတွေ့နိုင်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၂၀ ရာခိုင်နှုန်းထက်‌ နည်းနိုင်ကြောင်း Intelli-gence Research Consultant ၏ ပညာရှင် Mr. Aat Pisanwanich က သုံးသပ်ထားပါသည်။

အမေရိကန်သည် ထိုင်းထုတ်ကုန်များအပေါ် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကောက်ခံနိုင်ပြီး ထိုင်းနိုင်ငံ၏ အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေကို အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံထိ ကျုံ့သွားနိုင်ကြောင်း၊ ယခုနှစ်အတွင်း အမေရိကန်သို့ ထိုင်းပို့ကုန်များသည် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံထိ လျှော့ချသွားရန်မျှော်မှန်းထားပါကြောင်း၊ ဗီယက်နမ်၏သဘောတူညီချက်ပေါ် အခြေခံ၍ ထိုင်းနိုင်ငံ၏ စုစုပေါင်းပို့ကုန်သည် ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းကြား တိုးတက်နိုင်ကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်အတွင်း ပို့ကုန်သည် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံသည် ၎င်း၏ဈေးကွက်ကို အမဲသားနှင့် ဝက်သားကဲ့သို့သော မွေးမြူရေးထုတ်ကုန်များအတွက် အခွန်မရှိသော အမေရိကန်ကုန်စည်များသို့ ဖွင့်လှစ်နေခြင်းကို စိုးရိမ်မှုများကြီးထွားလျက်ရှိပါကြောင်း၊ ယင်းသို့သောအရွေ့သည် နိုင်ငံတွင်းတောင်သူများနှင့် လုပ်ငန်းများစွာကို ထိခိုက်နိုင်ကြောင်း၊ သို့သော် ထိုင်းနိုင်ငံသည် ပဲပုတ်နှင့် ပြောင်းကဲ့သို့သော အခြားသောစိုက်ပျိုးရေးထုတ်ကုန်များ၏ သွင်းကုန်များအပေါ် မှီခိုနေရသောကြောင့် ယင်းတို့အတွက် သက်ရောက်မှုသည် နည်းပါးပါကြောင်း Mr. Aat က ဖြည့်စွက်သုံးသပ်ထားပါသည်။

အမေရိကန်သို့ ပေးပို့ထားသော အဆိုပြုလွှာများကို ယခုရက်သတ္တပတ်အတွင်း ဆွေးနွေးသွားမည်ဖြစ်ပြီး အမေရိကန်သည် ဇူလိုင်လ ၃ ရက်နေ့အစည်းအဝေးပြီးနောက် အခွန်အပေါ် ဆုံးဖြတ်မည်ဖြစ်ရာ ရှင်းလင်းချက်အချို့ကိုလည်းမျှော်လင့်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Vuttikrai Leewiraphan က ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand