India (Delhi)

အိန္ဒိယနိုင်ငံတွင် ဆန်တင်ပို့မှုများ ပိတ်ပင်လိုက်ပြီးနောက် သကြားတင်ပို့မှုအား ပိတ်ပင်မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိ

Last Updated:

ပြည်တွင်းကုန်ဈေးနှုန်းကို ထိန်းချုပ်ရန် အိန္ဒိယက ဆန်တင်ပို့မှုအချို့ကို ပိတ်ပင်လိုက်ပြီးနောက် ကုန်သည်များက အခြားသောအခြေခံစားသောက်ကုန်စည်တစ်မျိုးဖြစ်သည့် သကြားအား ကန့်သတ်ပိတ်ပင်မည်ကို စိုးရိမ်နေကြကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှု ပိုမိုတင်းကျပ်လာသဖြင့် တောင်အာရှနိုင်ငံမှ သကြားတင်ပို့မှုအပေါ် ကမ္ဘာနိုင်ငံအသီးသီးက ပိုမိုမှီခိုလာရပါကြောင်း၊ အိန္ဒိနိုင်ငံ၏ပြည်နယ်အများစုတွင် မိုးရွာသွန်းမှုမညီမျှမှုများကြောင့် သကြားစိုက်ပျိုးထုတ်လုပ်မှုကျဆင်းမည်ကို စိုးရိမ်လျက်ရှိပြီး နှစ်နှစ်ဆက်တိုက် သကြားထုတ်လုပ်မှုကျဆင်းမည့်အလားအလာများ တွေ့မြင်နေရသောကြောင့် အစိုးရအနေဖြင့် သကြားတင်ပို့မှုကို ကန့်သတ်လာနိုင်ပါကြောင်းနှင့် အိန္ဒိယအစိုးရက ပြည်ပသို့ ဂျုံနှင့်ဆန်မျိုးကွဲအချို့ရောင်းချခြင်းကို တားမြစ်ထားခြင်း၊ ရာသီဥတုဆိုးရွားမှုနှင့် ယူကရိန်းတွင် ပိုမိုဆိုးရွားလာသောပဋိပက္ခများကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် သက်ရောက်မှုများ ပိုမိုဖြစ်ပေါ်လာစေကြောင်း သိရှိရပါသည်။

ဆန်တင်ပို့မှုတားမြစ်ခြင်းသည် စားနပ်ရိက္ခာဖူလုံမှုနှင့် ငွေကြေးဖောင်းပွမှုအပေါ် အစိုးရက စိုးရိမ်ပူပန်သောကြောင့်ဖြစ်ပါကြောင်းနှင့် ယခုစိုးရိမ်သည်မှာ အစိုးရအနေနှင့် သကြားနှင့်ပတ်သက်၍ အလားတူစီမံဆောင်ရွက်မှုများဆောင်ရွက်သွားနိုင်၍ဖြစ်သည်ဟု အပူပိုင်းဒေသသုတေသနဝန်ဆောင်မှုဌာနမှ သကြားနှင့်အီသနောအကြီးအကဲ Henrique Akamine က ပြောကြားထားပါသည်။

ကြံအဓိကစိုက်ပျိုးသည့် Maharashtra ပြည်နယ်နှင့် Karnataka ပြည်နယ်တို့တွင် ဇွန်လအတွင်း လုံလောက်သောမိုးရေ မရရှိခဲ့သောကြောင့် သီးနှံစိုက်ပျိုးမှုကို ထိခိုက်စေခဲ့ပြီး ၂၀၂၃-၂၄ စိုက်ပျိုးရာသီတွင် သကြားအထွက်နှုန်းမှာ ပြီးခဲ့သည့်နှစ် ထွက်ရှိမှုထက်  ၃.၄ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၃၁.၇ မီလီယံသာ ထွက်ရှိရန်မျှော်မှန်းထားပါကြောင်း၊ သို့ရာတွင် ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးရန် လုံလောက်မှုရှိသည်ဟု အိန္ဒိယသကြားစက်ရုံများအသင်းဥက္ကဋ္ဌ Aditya Jhunjhunwala က ပြောကြားထားကြောင်းလည်း သိရှိရပါသည်။

ထိုသို့သကြားစိုက်ပျိုးထွက်ရှိမှုကျဆင်းမည်ဟု ခန့်မှန်းထားသည့်အချိန်တွင် အိန္ဒိယသည် ဇီဝလောင်စာအတွက် သကြားကို ပိုမိုအသုံးပြုရန် စီစဉ်ထားပါကြောင်းနှင့် ယခင်နှစ်ထက် ၉.၈ ရာခိုင်နှုန်းပိုမိုသည့် သကြားတန်ချိန် ၄.၅ မီလီယံကို အီသနောထုတ်လုပ်ရန် အစိုးရက စီစဉ်ထားသည်ဟု သိရှိရကြောင်း အိန္ဒိယသကြားစက်ရုံများအသင်းက ပြောကြားထားပါသည်။

ယခုသကြားထုတ်လုပ်နိုင်မှုအခြေအနေအရ အိန္ဒိယအစိုးရသည် သကြားအား ပြည်ပသို့တင်ပို့မှုကို ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်းနှင့် အီသနောထုတ်လုပ်မှုကို အပြည့်အဝဆောင်ရွက်ခြင်းရှိ/မရှိ မိမိတို့အနေဖြင့် ဂရုစိုက်စောင့်ကြည့်နေသည်ဟု Stone X ကုမ္ပဏီ၏ သကြားနှင့် အီသနောဌာနအကြီးအကဲ ဖြစ်သူ Bruno Lima က ပြောကြားထားကြောင်းလည်း သိရှိရပါသည်။

အိန္ဒိယ၏ စားနပ်ရိက္ခာဝန်ကြီးဌာန၊ အတွင်းဝန် Sanjeev Chopra က သကြားစက်ရုံများအသင်း၏ သကြားထုတ်လုပ်မှုလျော့နည်းမည်ဖြစ်ကြောင်း လေ့လာဆန်းစစ်အကဲဖြတ်ချက်ကို သောကြာနေ့က ဝေဖန်ခဲ့ပြီး ယင်းခန့်မှန်းချက်သည် အလွန်စောပြီး နိုင်ငံတွင်း သကြားပြတ်လပ်မည်ကို ထိတ်လန့်မှုဖြစ်စေခဲ့သည်ဟု Press Trust of India သတင်းစာတွင် ဖော်ပြထားကြောင်းလည်း သိရှိရပါသည်။

အိန္ဒိယသည် ယခင်ကလည်း သကြားတင်ပို့မှုကို ကန့်သတ်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၃ ရာသီတွင် တင်ပို့မှုပမာဏအား တန်ချိန် ၆.၁ သန်းသာအများဆုံးတင်ပို့ရန် ကန့်သတ်ထားပြီး ယခင်နှစ် ခွင့်ပြုပမာဏတန်ချိန် ၁၁ သန်းထက် လျော့နည်းသွားကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံသည် ယခင်ဆန်ဖြူတင်ပို့မှု မပိတ်ပင်ခင်အချိန်တွင် ယခုကဲ့သို့ပင် တင်ပို့မှုပိတ်ပင်နိုင်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် တစ်ပတ်၊ နှစ်ပတ်ခန့်အကြာတွင် အစိုးရမှ အမိန့်ကြော်ငြာစာများ တရားဝင်ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရပါသည်။ ယခုသကြားကိစ္စမှာလည်း လုပ်ငန်းရှင်များအကြား သတင်းများပျံ့နှံ့နေသဖြင့် မကြာမီ အမိန်ကြော်ငြာစာများ တရားဝင်ထုတ်ပြန်ပြီး ကန့်သတ်ခြင်းများ ‌ဆောင်ရွက်လာနိုင်ပါသည်။ ထိုသို့သကြားတင်ပို့မှုပိတ်ပင်ပါက ကမ္ဘာ့သကြားဈေးမြင့်တက်လာနိုင်သကဲ့သို့ သကြားနှင့်ဆက်စပ်သည့် ကုန်ထုတ်လုပ်ငန်းများကိုပါ သက်ရောက်မှုများရှိလာနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတွင်းသကြားထုတ်လုပ်တင်ပို့နိုင်မှုအခြေအနေကို လေ့လာ၍ လိုအပ်သလိုမူဝါဒများ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။ 

Source: Rice export ban sparks concern that sugar may be next, The Economic Times, 8 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)