India (Kolkata)

အိန္ဒိယဘဏ်များတွင် အသုံးပြု၍မရဘဲ ပိတ်မိနေသည့်ကုန်ဖိုး ရူပီးငွေများကို နိုင်ငံတွင်း၌ ပြန်လည် ရင်းနှီးမြှုပ်နှံရန် အိန္ဒိယဖက်မှ ကမ်းလှမ်းလာဟု ရုရှားပြောကြား

Last Updated:

အိန္ဒိယဘဏ်များရှိ ဘဏ်စာရင်းများတွင် အသုံးပြု၍မရဘဲ ပိတ်မိနေသည့် သန်းထောင်နှင့်ချီသောကုန်ဖိုး ရူပီးငွေများကို နိုင်ငံတွင်း၌ ရင်းနှီးမြှုပ်နှံမှုများပြန်လည်ပြုလုပ်သွားရန် အိန္ဒိယဖက်မှ ကမ်းလှမ်းလာခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ယခုလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အိန္ဒိယမိတ်ဆွေတွေက သေချာပေါက်အကျိုးအမြတ်ရရှိနိုင်မယ့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုပြုဖို့ အဆိုပြုလာမှာပါ။” ဟု ၎င်းက အိန္ဒိယနိုင်ငံသို့မလာရောက်မီ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပခဲ့သော အရှေ့အာရှထိပ်သီးညီလာခံ၏ ဆက်စပ်အစည်းအဝေးတစ်ခု၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar နှင့်တွေ့ဆုံစဉ် ဆွေးနွေးချက်အပေါ် ကိုးကား၍ ပြောကြားခဲ့သည်။ နှစ်ဖက်အစိုးရများအနေဖြင့် အဆိုပါငွေများကို နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရရှိရန် မည်သို့အသုံးပြု၍ ရင်းနှီးမြှုပ်နှံသွားမည်ကို ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ထုတ်ဖေါ်ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်များက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ထားခြင်းကြောင့် ငွေပေးချေမှုကိစ္စရပ်များ၌ အခက်အခဲများရှိ နေလင့်ကစား အိန္ဒိယနိုင်ငံနှင့် သဘောတူချုပ်ဆိုထားသည့် လက်နက်အရောင်းအဝယ်စာချုပ်များမှာ အသက်ဝင်လျက်ရှိသည်ဟု Lavrov က အတည်ပြုပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ယခင်ဖေါက်သည်ဟောင်း ဥရောပနိုင်ငံများမှ ရေနံအဝယ်များလျော့ကျလာသည့်အချိန်တွင် ပြီးခဲ့သည်နှစ်က အိန္ဒိယနိုင်ငံသို့ ရေနံစိမ်းအများဆုံး တင်ပို့ရောင်းချသည့်နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ အဆိုပါရောင်းချမှုအတွက် ပြည်တွင်းသုံးငွေကြေးများအသုံးပြု၍ ပေးချေရန် သဘောတူဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယခုအခါ အိန္ဒိယမှ ရုရှားရေနံစိမ်းအဝယ်ကျဆင်းလာပြီး၊ ရုရှားကုမ္ပဏီများရရှိမည့် ကုန်ဖိုးငွေသန်းထောင်နှင့်ချီသော ရူပီးငွေများသည် အိန္ဒိယအစိုးရ၏ ပြည်တွင်းသုံးငွေကြေးအပေါ် ကန့်သတ်ထိန်းချုပ်မှုများကြောင့် ရူဘယ်ငွေ သို့မဟုတ် အခြားနိုင်ငံခြားငွေများသို့ ပြောင်းလဲရန်မတတ်နိုင်ဘဲ ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် ရုရှားအပါအဝင် နိုင်ငံပေါင်း(၁၈)နိုင်ငံနှင့် ပြည်တွင်းသုံးငွေကြေးများ အသုံးပြုပေးချေရန် ဆောင်ရွက်လျက်ရှိပါသည်။ မကြာသေးမီက အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းသို့ ပေးချေ၍ ကုန်သွယ်ရန် စတင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အရှေ့အလယ်ပိုင်းနိုင်ငံ ယူအေအီးနှင့်လည်း အလားတူဆောင်ရွက်သွားရန် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရှိရသည်။ သို့သော် အဆိုပါအစီအမံသည် ရုရှားနိုင်ငံနှင့်ပေးချေမှုများတွင် အဆင်ပြေချောမွေ့မှုမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အိန္ဒိယ-ရုရှားအကြား ရေနံအရောင်းအဝယ်များ ကျဆင်းလာခဲ့ရခြင်းဖြစ်သည်။ ယခုအခါ နှစ်နိုင်ငံအစိုးရများအကြား အဆိုပါကုန်ဖိုးငွေများကို အိန္ဒိယပြည်တွင်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံမှုပြုခြင်းကဲ့သို့ တစ်မျိုးတစ်ဖုံမည်သို့သုံးစွဲ၍ အကျိုးအမြတ်ရရှိနိုင်မည်ကို ခေါင်းချင်းရိုက်ဆွေးနွေးလျက်ရှိပါသည်။ မည်သို့ပင်ဖြစ်စေ အိန္ဒိယနိုင်ငံသည်သာ အကျိုးအမြတ်ပိုမိုရနိုင်မည်ဟု ယူဆပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

The Times of India သတင်းဌာန၊ “India to offer Russia to invest trapped Rupees, Foreign Minister Sergei Lavrov says”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး ၊ ကော်လ်ကတ္တားမြို့)                                                                                       

 

 

 

Category: India (Kolkata)