၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ဖရုံအစရှိသော လတ်ဆတ်သည့်ဟင်းသီးဟင်းရွက်တန်ချိန် ၆၂၁,၆၉၆ တန်တင်သွင်းခဲ့ပါသည်။ ဂျပန်နိုင်ငံသို့ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ အများဆုံးတင်ပို့ခဲ့သည့်နိုင်ငံများမှာ တရုတ်၊ တောင်ကိုရီးယား၊ မက္ကဆီကိုနှင့် အမေရိကန်တို့ဖြစ်ပါသည်။
၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ လတ်ဆတ်သည့်ဟင်းသီးဟင်းရွက်ဈေးကွက်မှာ တန်ချိန် ၁၃.၆ သန်း ရှိခဲ့ပြီး၊ ၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် ဟင်းသီးဟင်းရွက်တန်ချိန် ၁၂.၉ တန် စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ သိရှိရပါသည်။၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ အများဆုံးထုတ်လုပ်ခဲ့သော လတ်ဆတ်သည့်ဟင်းသီးဟင်းရွက်များမှာ အာလူး(၁၇.၇%) ၊ ဂေါ်ဖီ(၁၁.၃%) ၊ ကြက်သွန်နီ(၉.၄%) နှင့် မုန်လာဥဖြူ(၉.၁%)တို့ဖြစ်ပါသည်။
၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် စိုက်ပျိုးထွက်ရှိခဲ့သော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
| စဉ် | ဟင်းသီးဟင်းရွက်အမည် | ထုတ်လုပ်ခဲ့သည့် တန်ချိန် | ရာခိုင်နှုန်း | 
| (က) | အာလူး | ၂,၂၈၃,၃၀၀ | ၁၇.၇ | 
| (ခ) | ဂေါ်ဖီ | ၁,၄၅၈,၂၀၀ | ၁၁.၃ | 
| (ဂ) | ကြက်သွန်နီ | ၁,၂၁၉,၀၀၀ | ၉.၄ | 
| (ဃ) | မုန်လာဥဖြူ | ၁,၁၈၀,၆၀၀ | ၉.၁ | 
| (င) | မုန်ညင်း | ၈၇၄,၇၀၀ | ၆.၈ | 
| (စ) | ကန်စွန်းဥ | ၇၁၀,၇၀၀ | ၅.၅ | 
| (ဆ) | ခရမ်းချဉ်သီး | ၇၀၇,၉၀၀ | ၅.၅ | 
| (ဇ) | မုန်လာဥနီ | ၅၈၂,၁၀၀ | ၄.၅ | 
| (ဈ) | ဆလပ်ရွက် | ၅၅၂,၈၀၀ | ၄.၃ | 
| (ည) | သခွားသီး | ၅၄၈,၅၀၀ | ၄.၂ | 
| (ဋ) | အခြား | ၂,၈၁၅,၇၄၅ | ၂၁.၈ | 
| 
 | စုစုပေါင်း | ၁၂,၉၃၃,၅၄၅ | ၁၀၀ | 
ဂျပန်နိုင်ငံ၌ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များထုတ်လုပ်မှုမှာ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် တန်ချိန် ၁၃ သန်းအောက် ကျဆင်းခဲ့ပါသည်။ ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူအရေအတွက်မှာ ၂၀၁၅ ခုနှစ်တွင် ၃၇၀,၀၀၀ ဦးရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၂၇ ရာခိုင်နှုန်းကျဆင်းကာ ၂၇၀,၀၀၀ သာကျန်ရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်းနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူအရေအတွက်မှာ ဆက်လက်ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)
 
                         
                        