Vietnam

ဗီယက်နမ်နိုင်ငံသည် ၁၀ လအတွင်း ဗီယက်နမ်လုပ်သား ၁၂၁,၀၀၀ ကျော် ပြည်ပသို့ စေလွှတ်ခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံသည်၂၀၂၅ ခုနှစ် ၁၀ လအတွင်း ပြည်ပသို့ အလုပ်သမား ၁၂၁,၁၉၀ စေလွှတ် ခဲ့ပြီး နှစ်စဉ်လျာထားချက်၏ ၉၃.၂ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်ပအလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ပြီးခဲ့သည့်ကြာသပတေးနေ့က ထုတ်ပြန်ချက်အရ သိရှိရပါသည်။   

ဂျပန်နိုင်ငံသည် ဗီယက်နမ်အလုပ်သမားများ အများဆုံးလာရောက်သည့်နိုင်ငံဖြစ်ပြီး အဆိုပါ ကာလအတွင်း ဗီယက်နမ်လုပ်သား ၅၅,၀၄၉ ဦးလက်ခံခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထိုင်ဝမ်(တရုတ်)သို့ ဒုတိယအများဆုံးစေလွှတ်ခဲ့ပြီး ၄၇,၀၀၀ ဦးရှိကြောင်း၊ ၎င်းနောက်တွင် ကိုရီးယားနိုင်ငံသို့ ဗီယက်နမ်လုပ်သား ၁၀၀၀၀ နီးပါးစေလွှတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။ အခြား ဈေးကွက်များအနေဖြင့် ဥရောပနိုင်ငံများတွင် ဂျာမနီ၊ ရိုမေးနီးယား၊ ဟန်ဂေရီနှင့် ရုရှားတို့ပါဝင်ကြောင်း ဖော်ပြထားပါသည်။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်ပအလုပ်သမားစီမံခန့်ခွဲမှုဌာန၏ ယာယီညွှန်ကြားရေးမှူးဖြစ်သူ Mr. Van Troung Giang ၏အဆိုအရ ဗီယက်နမ်လုပ်သား ၈၆၀,၀၀၀ ခန့်သည် ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး ဂျပန်တွင် ၄၅၀,၀၀၀ ခန့်၊ ထိုင်ဝမ်(တရုတ်)တွင် ၃၀၀,၀၀၀ နီးပါးနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ၁၀၀,၀၀၀ နီးပါးရှိပြီး ကျန်လုပ်သားများမှာ ဥရောပနိုင်ငံများတွင်ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ပရှိ ဗီယက်နမ်လုပ်သားများသည် ပြည်တွင်းအလားတူကဏ္ဍများတွင် လုပ်ကိုင်သူများထက် ပိုမိုမြင့်မားသော ဝင်ငွေရရှိကြောင်း၊ နှစ်စဉ် ဗီယက်နမ်သို့ အမေရိကန်ဒေါ်လာ ၆.၅ မှ ၇ ဘီလီယံခန့်အထိ ပြန်လည်လွှဲပို့နိုင်ကြပြီး နိုင်ငံခြားအရန်ငွေများကို သိသိသာသာပံ့ပိုးပေးကာ စုဆောင်းငွေများ တိုးပွားလာစေကာ အလုပ်သမားများနှင့် ၎င်းတို့ မိသားစုဘဝရပ်တည်မှုကို တိုးတက်ကောင်းမွန်စေကြောင်း Mr. Giang မှ ပြောကြားခဲ့သည်။  

Source: https://english.news.cn/20251030/c097e27003ef405c9e218fad276563ca/c.html

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam