ကိုရီးယားနိုင်ငံ၊ Gyeongjy မြို့၌ကျင်းပပြုလုပ်ခဲ့သည့် APEC စီးပွားရေးခေါင်းဆောင်များသတင်းပတ် (APEC Economic Leaders’ Week) တွင် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lawrence Wong ၊ ချီလီနိုင်ငံသမ္မတ Gabriel Boric နှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် Christopher Luxon တို့က စင်ကာပူနိုင်ငံ၊ ချီလီနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့အကြား ပတ်ဝန်းကျင်ထိခိုက်မှုကိုလျှော့ချနိုင်သည့်၊ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေမှုရှိသည့် စီးပွားရေးပူးပေါင်းမှုသဘောတူစာချုပ်(Green Economy Partnership Agreement – GEPA) ညှိနှိုင်းမှုများစတင်ကြောင်း ကြေညာခဲ့ပါသည်။
အဆိုပါကြေညာမှုသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ဖွဲ့စည်းခဲ့သည့် ကုန်သွယ်မှုနှင့်ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်သည့်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့် စီးပွားရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့တွင် ၃ နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပါသည်။ ပူးတွဲလုပ်ငန်းအဖွဲ့သည် ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်သည့်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့် စီးပွားရေးတွင် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ပြဿနာရပ်များအပေါ် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ဖြစ်နိုင်ချေရှိသည့် ဆောင်ရွက်မှုအသစ်တစ်ခုအတွက် အဆိုပြုချက်များကို ထည့်သွင်းစဉ်းစားခဲ့ပါသည်။
ဝန်ကြီးချုပ် Lawrence Wong က “စင်ကာပူနိုင်ငံ၊ ချီလီနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့သည် ဦးဆောင်တီထွင်ဆန်းသစ်နိုင်မှုရှိပြီး အနာဂတ်ကို ရှေးရှုသည့် သဘောတူစာချုပ်များရှိကြောင်း၊ GEPA သည် ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်သည့်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့်စီးပွားရေးတွင် စံနှုန်းအသစ်များချမှတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများအတွက် အခွင့်အလမ်းများဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးသည့်အနာဂတ်သို့ဦးတည်ရာတွင် မိမိတို့၏ကတိကဝတ် များကို ထင်ဟပ်စေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
DEPA အရ ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့်နယ်ပယ်များမှာ ရေရှည်တည်တံ့သည့် လေယာဉ်ဆီ၊ carbon credits နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသိအမှတ်ပြုလက်မှတ်၊ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့်ရာသီ ဥတုဆိုင်ရာ လုပ်ထုံးလုပ်နည်းများစသည်တို့ဖြစ်ပါသည်။
ရင်းမြစ်။ Ministry of Trade and Industry, Singapore
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)