India (Delhi)

အိန္ဒိယသည် ၂၀၂၅ ခုနှစ်တွင် ဂျပန်ကိုကျော်တက်၍ ကမ္ဘာ့စတုတ္ထစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာမည်ဟု Amitabh Kant ကခန့်မှန်း

Last Updated:

အိန္ဒိယ၏မူဝါဒရေးရာအကြံပေးအဖွဲ့တစ်ခုဖြစ်သည့် Niti Aayog ၏ယခင်အမှုဆောင်အရာရှိချုပ်ဖြစ်ခဲ့သူ Amitabh Kant က မက်ခရိုစီးပွားရေးဆိုင်ရာ ကောင်းမွန်မှုအခြေအနေများကို ကိုးကား၍ အိန္ဒိယနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံကို ကျော်တက်ကာ ကမ္ဘာ့စတုတ္ထအကြီးဆုံးစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။  

အိန္ဒိယ၏ GDP အရွယ်အစားသည် လက်ရှိတွင် အမေရိကန်၊ တရုတ်၊ ဂျာမနီနှင့်ဂျပန်တို့ပြီးနောက် အဆင့် ၅ နေရာတွင်ရပ်တည်လျက်ရှိပြီး ၎င်းသည် ၂၀၂၂ ခုနှစ်တွင် ယူကေကိုကျော်တက်ပြီး ယခုအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သောဆယ်စုနှစ်ခန့်က အိန္ဒိယ၏ GDP သည် ကမ္ဘာပေါ်တွင် အဆင့် ၁၁ တွင်သာရှိခဲ့ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ GDP သည် အမေရိကန်ဒေါ်လာ ၃.၇ ထရီလီယံခန့် ရှိကြောင်း သိရသည်။

Kant ၏အဆိုအရ အိန္ဒိယသည် ၂၀၁၃ ခုနှစ်တွင် စီးပွားရေးဆိုင်ရာအထိခိုက်မခံသည့် Fragile  5 နိုင်ငံအဆင့်မှ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်းစီးပွားရေးအင်အားအကြီးဆုံး ၅ နိုင်ငံအဆင့်သို့ ဖြတ်သန်းကျော်ဖြတ်နိုင်မှု၏ အဓိကအချက်အချို့မှာ GST စုဆောင်းနိုင်မှု၊ ယင်းကာလ၏ လေးပုံသုံးပုံကာလတွင် GDP တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းကျော်ရှိခဲ့မှု၊ နိုင်ငံအသီးသီး(၂၇ နိုင်ငံ)နှင့် ကုန်သွယ်မှုတွင် အိန္ဒိယငွေကြေး ရူပီးဖြင့်ပေးချေနိုင်မှုနှင့် ငွေကြေးဖောင်းပွမှုကို စီမံခန့်ခွဲနိုင်မှုတို့ဖြစ်ကြောင်း သိရသည်။

Fragile 5 ဟူသော အသုံးအနှုန်းကို Morgan Stanley ၏ဆန်းစစ်လေ့လာမှုတွင် ၂၀၁၃ ခုနှစ်က စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က စီးပွားရေးမကောင်းခဲ့သော အိန္ဒိယအပါအဝင် ထွန်းသစ်စနိုင်ငံငါးနိုင်ငံကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ အခြားလေးနိုင်ငံမှာ ဘရာဇီး၊ အင်ဒိုနီးရှား၊ တောင်အာဖရိကနှင့် တူရကီနိုင်ငံတို့ဖြစ်ကြသည်။

သံနှင့်သံမဏိ၊ ဘိလပ်မြေနှင့် မော်တော်ကားထုတ်လုပ်ရေးကဏ္ဍများတွင် နှစ်ဆတိုးတက်မှု၊ အများပြည်သူဆိုင်ရာဒစ်ဂျစ်တယ်အခြေခံအဆောက်အဦများတွင် ကမ္ဘာလုံးဆိုင်ရာဦးဆောင်သူဖြစ်လာခြင်း၊ အီလက်ထရောနစ်ငွေပေးချေမှုများတွင် ၁၃၄ ဘီလီယံအထိ မြင့်တက်လာကာ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ငွေပေးချေမှုအားလုံး၏ ၄၆ ရာခိုင်နှုန်းအထိပါဝင်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၈.၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၅ ရာခိုင်နှုန်းသို့ကျဆင်းခဲ့ခြင်းနှင့် အခြားသောအကြောင်းအရာများသည် အိန္ဒိယ၏ခိုင်မာသောတိုးတက်မှုကိုဖြစ်စေခဲ့ကြောင်း သိရသည်။

GDP တိုးတက်မှုရှိမည်ဟု ခိုင်မာသည့်ခန့်မှန်းချက်များ၊ စီမံခန့်ခွဲနိုင်သောအဆင့်တွင်ရှိသည့် ငွေကြေးဖောင်းပွမှု၊ ဗဟိုအစိုးရအဆင့်တွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် အသိအမှတ်ပြုနိုင်သော ဗဟိုဘဏ်ငွေကြေးမူဝါဒအားလုံးတို့သည် မကြာသေးမီကာလများအတွင်း အိန္ဒိယစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့ကြောင်း၊ အိန္ဒိယ၏ GDP သည် ၂၀၂၃-၂၄ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလပတ်အတွင်း ၈.၄ ရာခိုင်နှုန်းအထိ ကြီးထွားလာခဲ့ကြောင်းနှင့် နိုင်ငံ၏ လျင်မြန်စွာကြီးထွားလျက်ရှိသော စီးပွားရေးသည် ဆက်လက်ထိန်းသိမ်းထားနိုင်သည့်အခြေအနေရှိကြောင်းလည်း ပြောကြားထားသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏နောက်ဆုံးထုတ်ဝေသည့် ကမ္ဘာ့စီးပွားရေးခန့်မှန်းချက်များအရ အိန္ဒိယသည် ၂၀၂၄ ခုနှစ်တွင် အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများကြားတွင် အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်မှုဖြင့် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏နောက်ဆုံးခန့်မှန်းချက်အရ အိန္ဒိယ၏ ၂၀၂၄ ခုနှစ်အတွက် တိုးတက်မှုခန့်မှန်းချက်ကို ၆.၅  ရာခိုင်နှုန်းမှ ၆.၈  ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်ခန့်မှန်းခဲ့ကြောင်း သိရသည်။

အိန္ဒိယ၏စီးပွားရေးသည် ၂၀၂၁-၂၂ ခုနှစ်တွင် ၈.၇ ရာခိုင်နှုန်းနှင့် ၂၀၂၂-၂၃ ခုနှစ်တွင် ၇.၂ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့သည်။

Source: India all set to overtake Japan as 4th largest economy by 2025, predicts Amitabh Kant, The Economic Times, May 12, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)