အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ပစ်ခတ်တိုက်ခိုက်မှုများပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ယူအေအီးနိုင်ငံအနေ ဖြင့် ဟော်မုဇ်ရေလက်ကြားအပေါ် မှီခိုမှုလုံးဝမရှိစေရေး(Zero Dependency)မူဝါဒဖြင့် ရေကြောင်းအစီအမံသစ်များအား အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း The Arabian Business ၏ ၉-၇-၂၀၂၆ ရက်စွဲဖြင့် သတင်းဖော်ပြချက်အရ သိရပါသည်။
ပြီးခဲ့သည့်ရက်များအတွင်း အမေရိကန်နှင့် အီရန်တို့အကြား ဆက်ဆံရေးပြန်လည်တင်းမာလာခဲ့ပြီး၊ ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ရပ်ဆိုင်းခဲ့ခြင်းကြောင့် ဟော်မုဇ်ရေလက်ကြားအပေါ် မှီခိုမှုလုံးဝမရှိစေရေး(Zero Dependency)ဆောင်ရွက်သွားလိုကြောင်းနှင့် ရေနံတင်ပို့နိုင်စွမ်းမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဖူဂျဲရာ၊ ဒစ်ဘာ၊ ခေါဖက်ကန်ဆိပ်ကမ်းများတိုးချဲ့မည့်အစီအမံများအား ရည်မှန်းချက်ကြီးမားစွာဆောင်ရွက်သွားလိုကြောင်း ယူအေအီးတာဝန်ရှိသူများက ကြေညာခဲ့ပါသည်။
ထို့အပြင် ယူအေအီးနိုင်ငံအနေဖြင့် ပြည်တွင်းထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တစ်ခုလုံးအား ပြုပြင်ပြောင်းလဲရန်မျှော်မှန်းလျက် ကားလမ်းနှင့်ရထားလမ်းကွန်ရက်များပြန်လည်အဆင့်မြှင့်တင်ရေးအစီအမံများကိုလည်းထုတ်ဖော် ပြသခဲ့ပါသည်။ ယူအေအီးအတွက် အဓိကအခက်အခဲမှာ ဂျဘယ်အလီ(Jebel Ali)နှင့် ခါလီဖာ(Khalifa)ဆိပ်ကမ်းများသည် ဟော်မုဇ်ရေလက်ကြား၏အတွင်းဘက်၌ ပိတ်မိနေသည့်အချက်ဖြစ်ပြီး၊ ဒေသတွင်းပဋိပက္ခကြောင့် ဂျဘယ်အလီဆိပ်ကမ်းမှတစ်ဆင့် ကွန်တိန်နာဖြတ်သန်းမှုမှာ တစ်ရက်လျှင် ၄၀,၀၀၀ ခန့်မှ ၁၀၀၀ ခန့်သို့ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။
AD Ports Group သည် ယူအေအီးနိုင်ငံပင်လယ်ကွေ့ကမ်းရိုးတန်းပေါ်ရှိ ခါလီဖာရေနက်ဆိပ်ကမ်းအပါအဝင် ဆိပ်ကမ်း ၁၀ ခုအား ကိုင်တွယ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် ကွန်တိန်နာ ၅.၅ သန်းနီးပါးအား ဖြတ်သန်းပို့ဆောင်နိုင်ခဲ့ပါသည်။ ယူအေအီးအရှေ့ဘက် ကမ်းရိုးတန်းရှိ ခေါဖက်ကန်ဆိပ်ကမ်းမှာ တစ်နှစ်လျှင် ကွန်တိန်နာ ၅ သန်းကိုင်တွယ်နိုင်စွမ်းရှိသော်လည်း ယခင်က ကွန်တိန်နာ ၃ သန်းထက် ပိုမိုကိုင်တွယ်ခဲ့ဖူးခြင်းမရှိသဖြင့် ဆိပ်ကမ်းကြီးများနေရာ၌ အစားထိုးရန်ခက်ခဲနေကြောင်း၊ ဖူဂျဲရာဆိပ်ကမ်းမှာမူ ကွန်တိန်နာအလုံးရေ ၇၂၀,၀၀၀ ကျော်ကိုင်တွယ်နိုင်စွမ်းရှိကြောင်း သိရပါသည်။
အလားတူ ဟော်မုဇ်ရေလက်ကြားအား ရှောင်လွှဲနိုင်ရန် ဆော်ဒီအာရေးဗီးယားနိုင်ငံကလည်း ကြိုးပမ်းလျက်ရှိပြီး၊ မကြာသေးမီက ၎င်း၏ပင်လယ်နီရေနံပိုက်လိုင်းတိုးချဲ့ရေး ကြီးမားသောစီမံကိန်းအား ထုတ်ဖော်ပြသခဲ့ပါသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံက အီရန်အပေါ် ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ခြင်း၊ အီရန်နိုင်ငံဘက်မှလည်း ကူဝိတ်နှင့် ဘာရိန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအား ပြန်လည်တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် ဟော်မုဇ်ရေလက်ကြားရှိ ရေကြောင်းသယ်ယူပို့ဆောင်ရေး ရပ်တန့်သွားစေခဲ့ခြင်းဖြစ်ပါသည်။
အမေရိကန်နှင့် အီရန်နိုင်ငံတို့က ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရန် ယာယီငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ညှိနှိုင်းခဲ့သည့်အခြေအနေတွင် ရေကြောင်းသွားလာမှုမှာ သိသာစွာတိုးတက်ကောင်းမွန်လာခဲ့ပြီး၊ ကုန်တင်သင်္ဘောများတစ်ရက် ပျမ်းမျှဖြတ်သန်းမှု ၃၄ စီးခန့်ရှိခဲ့ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် ၅၉ စီးဖြင့် အများဆုံး ဖြတ်သန်းခဲ့ကြောင်း သိရပါသည်။
Source: https://www.arabianbusiness.com/business/transport/uae-bypass-strait-of-hormuz
(ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)