Russia

စက်သုံးဆီပြတ်လပ်မှုကို ဖြေရှင်းရန် ရုရှားက အိန္ဒိယမှ ဓာတ်ဆီကို ပင်လယ်ရေကြောင်းဖြင့် စတင်တင်သွင်း

Last Updated:

ရုရှားနိုင်ငံသည် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့်ဖြစ်ပေါ်လာသော ပြည်တွင်း စက်သုံးဆီပြတ်လပ်မှုကို သက်သာစေရန်အတွက် အိန္ဒိယနိုင်ငံမှ ဓာတ်ဆီကို ပင်လယ်ရေကြောင်းဖြင့် စတင်တင်သွင်းနေပြီဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံတစ်ဝန်းဒေသအများအပြားတွင် စက်သုံးဆီရောင်းချမှုကန့်သတ်ခြင်းများ၊ ဆီဆိုင်များ၌ တန်းစီဝယ်ယူရခြင်းများနှင့် ဓာတ်ဆီဈေးနှုန်းများစံချိန်တင်မြင့်တက်လာခြင်းတို့ဖြစ်ပေါ်နေပြီး၊ ယင်းအခြေအနေကို သက်သာစေရန် ရုရှားအစိုးရသည် ပြည်ပမှ လောင်စာဆီတင်သွင်းရန် နိုင်ငံအချို့နှင့် ဆွေးနွေးလျက်ရှိသည်။

သတင်းရင်းမြစ်များ၏အဆိုအရ အိန္ဒိယမှ အနည်းဆုံးဓာတ်ဆီတန်ချိန် ၆၀,၀၀၀ ကို ရုရှားသို့တင်ပို့ထားပြီးဖြစ်ကာ၊ တန်ချိန် ၃၀,၀၀၀ မှ ၄၀,၀၀၀ ကြား တင်ဆောင်ထားသော ရေနံတင်သင်္ဘောနှစ်စင်းလည်း ရုရှားသို့ ထွက်ခွာသွားပြီဖြစ်သည်။ ထို့ပြင် ရုရှားသည် ဘီလာရုစ်နိုင်ငံအပါအဝင် နိုင်ငံအများအပြားမှ တစ်လလျှင် ဓာတ်ဆီတန်ချိန် ၄၀၀,၀၀၀ အထိတင်သွင်းရန် စီစဉ်နေကြောင်းလည်း သိရသည်။

နွေရာသီကာလတွင် ရုရှား၏ဓာတ်ဆီသုံးစွဲမှုသည် တစ်ရက်လျှင် တန်ချိန် ၁၁၀,၀၀၀ ခန့်ရှိပြီး ယင်းကာလသည် လောင်စာလိုအပ်ချက်အမြင့်ဆုံးအချိန်ဖြစ်သည်။ လက်ရှိတွင် မည်သည့်အိန္ဒိယရေနံသန့်စင်စက်ရုံက ဓာတ်ဆီတင်ပို့ပေးနေသည်ကိုမူ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေ။

အထူးသတိပြုရမည့်အချက်မှာ အိန္ဒိယသည် ရုရှားရေနံစိမ်းကို လျှော့ဈေးဖြင့် အများဆုံးဝယ်ယူသည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး၊ ယခုအခါ အဆိုပါရုရှားရေနံစိမ်းကို သန့်စင်ထုတ်လုပ်ထားသော ဓာတ်ဆီကို ရုရှားသို့ပြန်လည်တင်ပို့နေခြင်းသည် ကမ္ဘာ့စွမ်းအင်ကုန်သွယ်ရေးတွင် ထူးခြားသော အပြောင်းအလဲတစ်ရပ်အဖြစ် သတ်မှတ်ခံနေရသည်။

Source:  https://timesofindia.indiatimes.com

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia