India (Kolkata)

အရန်ရိက္ခာအတွက် ကြက်သွန်နီဝယ်ယူမှုနည်းပါးနေ၍ စိုးရိမ်မှုများမြင့်တက်လာ

Last Updated:

အိန္ဒိယဗဟိုအစိုးရသည် စျေးကွက်အတွင်း စားသုံးကုန်စျေးနှုန်းတည်ငြိမ်စေရန်အတွက် ကြက်သွန်နီအရန်ရိက္ခာကိုစုဆောင်းရန်ကြိုးပမ်းနေသော်လည်း ဝယ်ယူရရှိမှုနှုန်းမှာ သိသိသာသာနောက်ကျကြန့်ကြာနေကြောင်းသိရသည်။ အစိုးရအနေဖြင့် လယ်သမားများကိုဆွဲဆောင်နိုင်ရန်အတွက် ပြီးခဲ့သည့်နှစ်လအတွင်း ဝယ်ယူမည့်အာမခံစျေးနှုန်းကို (၅)ကြိမ်တိုင်တိုင်တိုးမြှင့်ပေးခဲ့သော်လည်း ယခုအချိန်အထိရည်မှန်းထားသည့် ကြက်သွန်နီတန်ချိန် ၂ သိန်း၏ ၅ ရာခိုင်နှုန်းပင်မပြည့် သေးဘဲလျော့နည်းနေသည့်အတွက် စားသုံးသူရေးရာဝန်ကြီးဌာနတွင် စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်းသိရသည်။

ယခုကဲ့သို့အရန်ရိက္ခာစုဆောင်းနိုင်မှုနည်းပါးနေခြင်းကြောင့် လာမည့်မိုးရာသီစိုက်ပျိုးထုတ်လုပ်မှုတွင် ရာသီဥတုဘေးအန္တရာယ်ကြောင့် အထွက်နှုန်းထိခိုက်ပြီး စျေးနှုန်းများရုတ်တရက်ထိုးတက်သွားပါက၊ စျေးကွက်အတွင်း ကုန်လှောင်စီးပွားရှာသူများ၏အန္တရာယ်ကိုကာကွယ်ရန် အစိုးရ၌ အရန်ရိက္ခာအင်အားမလုံလောက်ဘဲ ဖြစ်သွားနိုင် သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြကြောင်းသိရှိရသည်။ ထို့ကြောင့် ပွဲတော်ရာသီများအတွင်း ကြက်သွန်နီစျေးနှုန်း အဆမတန်မြင့်တက်မလာစေရန်အတွက် ၂၀၂၆ခုနှစ် မေလ ၁၅ ရက်က စတင်ခဲ့သော ဆောင်းသီးနှံရိတ်သိမ်းမှုမှ ကြက်သွန်နီများပိုမိုမြန်ဆန်စွာဝယ်ယူနိုင်ရေးအတွက် တာဝန်ရှိသူများ မကြာမီဆွေးနွေးပွဲများပြုလုပ်ကြတော့မည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်တွင် မဟာရဋ္ဌာပြည်နယ်ရှိ ကြက်သွန်နီစိုက်တောင်သူများသည် စျေးနှုန်းမကောင်းခြင်းကြောင့် မတ်လကတည်းက ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် အစိုးရက ကြက်သွန်နီဝယ်ယူမည့်စျေးနှုန်းကို ၁ ကီလိုဂရမ်လျှင် ၂၁.၂၅ ရူပီး အထိ ပဉ္စမအကြိမ်မြောက်ထပ်မံတိုးမြှင့်ပေးခဲ့ပြီး၊ ဝယ်ယူမည့်နောက်ဆုံးရက်ကိုလည်း ဇွန် ၃၀ ရက်အစား ဇူလိုင် ၃၁ ရက်အထိတိုးမြှင့်သတ်မှတ်ပေး ခဲ့သည်။

သို့သော်လည်း မဟာရဋ္ဌပြည်နယ်ကြက်သွန်နီစိုက်ပျိုးသူများအသင်းဥက္ကဋ္ဌ Bharat Dighole ကမူ "အစိုးရဟာ သိုလှောင်ရုံမရှိလို့ စျေးလျှော့ပြီး မဖြစ်မနေရောင်းချနေရတဲ့ လယ်သမားငယ်တွေ အခက်အခဲဖြစ်နေတုန်းက လာမဝယ်ခဲ့ပါဘူး။ အခုအစိုးရက ဝယ်ချင်တဲ့အချိန်မှာတော့ ပြင်ပကုန်စည်ဒိုင်တွေမှာ စျေးကောင်းရနေတာကြောင့် လယ်သမားတွေက အစိုးရကို မရောင်းချင်ကြတော့ပါဘူး။ အစိုးရပေးတဲ့စျေးနှုန်းက ပြင်ပပေါက်စျေးထက် နည်းနေသေးလို့ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ကြောင်း သိရ သည်။

ထို့အပြင် ယခုနှစ်တွင် အရန်ရိက္ခာဝယ်ယူမှုကို ပုံမှန်လုပ်ဆောင်နေကျ NAFED နှင့် NCCF အဖွဲ့အစည်းများအပြင် ဗဟိုသိုလှောင်ရုံကော်ပိုရေးရှင်း(CWC)ကိုပါ ထပ်မံထည့်သွင်းခဲ့ခြင်းကြောင့် လုပ်ငန်းစဉ်များပိုမိုကြန့်ကြာသွားခဲ့ရသည်ဟုဆိုသည်။ အခြားတစ်ဖက်တွင်လည်း အစိုးရထံ၌ အရန်ရိက္ခာနည်းပါးပါက စျေးကွက်ကို ဝင်ရောက်စွက်ဖက်ထိန်းချုပ်နိုင်စွမ်းလျော့နည်းလိမ့်မည်ဟု တွက်ဆကာ ပြင်ပကုန်သည်အချို့က ကြက်သွန်နီများကို သိုလှောင်ခြင်းများ စတင်လုပ်ဆောင်နေကြပြီး ယင်းအချက်ကို အစိုးရဘက်ကလည်း အသိအမှတ်ပြုလက်ခံထားကြောင်း သိရသည်။

Source: The Economic Times: Concerns rise over low procurement for onion buffer stock

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်ကတ္တားမြို့)

Category: India (Kolkata)