ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ အစားအသောက်ဘေးကင်းလုံခြုံရေးဗဟိုဌာန(Centre for Food Safety-CFS)သည် အစားအသောက်နမူနာစစ်ဆေးမှုရလဒ်များပါဝင်သော မေလအတွက် အစီရင်စာကို ၃၀-၆-၂၀၂၆ ရက်တွင် ၎င်း၏ Website စာမျက်နှာပေါ်၌ “CFS announces food safety report for May” ခေါင်းစဉ်ဖြင့်ထုတ်ပြန်ခဲ့ပါသည်။
အစားအသောက်ဘေးကင်းလုံခြုံရေးဗဟိုဌာန(CFS)သည် ပြီးခဲ့သည့်မေလအတွင်း အွန်လိုင်းမှ ဝယ်ယူထားသော ပစ္စည်းများအပါအဝင် အစားအသောက်နမူနာစုစုပေါင်း(၆,၀၀၀)ခန့်ကိုစစ်ဆေးခဲ့ရာ ယခင်ကကြေညာခဲ့ပြီးဖြစ်သည့် စံမမီနမူနာ(၁၉)ခုမှလွဲ၍ ကျန်ရှိသောနမူနာအားလုံးမှာ စိတ်ကျေနပ်မှုရှိကြောင်းတွေ့ရှိရသဖြင့် ယခုလအတွက် အစားအသောက်ဘေးကင်းလုံခြုံမှုအလုံးစုံအောင်မြင်မှုနှုန်းမှာ ၉၉.၇ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
စစ်ဆေးခဲ့သည့်အမျိုးအစားများနှင့်ဓာတ်ခွဲမှုပုံစံများအနေဖြင့် မိုက်ခရိုဇီဝဗေဒဆိုင်ရာစစ်ဆေးမှုအတွက်နမူနာ (၂,၁၀၀)ခန့်နှင့် ဓာတုဗေဒနှင့် ရေဒီယိုသတ္တိကြွမှုအဆင့်စစ်ဆေးမှုအတွက် နမူနာ(၃,၉၀၀)ခန့်ကို ကောက်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းစစ်ဆေးမှုများတွင် ရောဂါပိုးမွှားများနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုညွှန်ကိန်းများ၊ ပိုးသတ်ဆေး၊ တာရှည်ခံဆေး၊ သတ္တုဓာတ်ညစ်ညမ်းမှု၊ ဆိုးဆေးနှင့်တိရစ္ဆာန်ဆေးဝါးအကြွင်းအကျန်များအပြင် တင်သွင်းအစားအသောက် များတွင်ပါဝင်နိုင်သည့် ရေဒီယိုသတ္တိကြွစီစီယမ်နှင့် အိုင်အိုဒင်းတို့ကိုပါ လွှမ်းခြုံစစ်ဆေးခဲ့ကြောင်း ဖော်ပြထားပါ သည်။
စစ်ဆေးခဲ့သည့် အစားအသောက်နမူနာများတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ၎င်းတို့၏ ထုတ်ကုန်များ (၁,၄၀၀)ခန့်၊ ကောက်ပဲသီးနှံနှင့် ၎င်းတို့၏ထုတ်ကုန်များ(၅၀၀)ခန့်၊ အသား၊ ကြက်ဘဲနှင့် ၎င်းတို့၏ထုတ်ကုန်များ (၆၀၀)ခန့်၊ နို့၊ နို့ထွက်ပစ္စည်းနှင့် ရေခဲမုန့်များ(၁,၁၀၀)ခန့်၊ ရေထွက်ကုန်များ(၉၀၀)ခန့်နှင့် အခြားမုန့်ပဲသရေစာနှင့် အဖျော်ယမကာများ(၁,၅၀၀)ခန့်အသီးသီးပါဝင်ကြောင်း ဖော်ပြထားပါသည်။
သတ်မှတ်စံနှုန်းမပြည့်မီကြောင်းတွေ့ရှိရသည့် နမူနာ(၁၉)ခုတွင် သတ္တုဓာတ်နှင့် ပိုးသတ်ဆေးအကြွင်းအကျန်လွန်ကဲနေသည့် ခြောက်သွေ့ပစ္စည်းများနှင့် ခရမ်းချဉ်သီး၊ ခွင့်မပြုတာရှည်ခံဆေးနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေသည့်အမဲသားဆန်ပြုတ်၊ အမဲသားကင်နှင့် ဝက်သားခြောက်ပြားတို့ပါဝင်ပြီး ကိုလီဖောင်ဗက်တီးရီးယား (Coliform)လွန်ကဲနေသည့် ရေခဲမုန့်နမူနာ(၁၀)ခု၊ အင်တီရို ကော့ကိုင်း(Enterococci)ပိုးပါဝင်သည့် ရေသန့်ဗူး(၂) ဗူးနှင့် ဘက်ဆီးလပ်စ် ဆီရီးယပ်စ်(Bacillus cereus)မှထွက်ရှိသော အဆိပ်အတောက်ဖြစ်နိုင်ခြေရှိသည့် ကလေးနို့မှုန့်နမူနာ(၁)ခုတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အရေးယူဆောင်ရွက်မှုအနေဖြင့် လက်ရှိတွင် CFS အနေဖြင့် အဆိုပါစံမမီကုန်ပစ္စည်းများကို ရောင်းချမှုရပ်ဆိုင်းရန်နှင့် ရင်းမြစ်များကိုလိုက်လံစုံစမ်းရန် သက်ဆိုင်ရာဆိုင်ခွဲများသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ထို့ပြင် ဂျပန်နိုင်ငံ ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ရေဆိုးထုတ်လွှတ်မှုနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံမှတင်သွင်းသော အစားအသောက်များကို ရေဒီယိုသတ္တိကြွမှုစစ်ဆေးခြင်းလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နေပြီး စစ်ဆေးမှုရလဒ်များကို အများပြည်သူသိရှိနိုင်စေရန် CFS ၏သီးသန့်ဝက်ဘ်ဆိုက်စာမျက်နှာတွင် ရုံးဖွင့်ရက်တိုင်း ပုံမှန်ထုတ်ပြန်ပေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။
https://www.fehd.gov.hk/english/news/details/20260630_12483.html
(ဖြိုးဖြိုးဝင်း၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)