တရုတ်နိုင်ငံ၏ အခွန်အာဏာပိုင်အဖွဲ့(State Taxation Administration-STA)က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် လက်ငင်းအမြတ်ငွေများကိုအသုံးပြု၍ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည်ဆိုပါက အခွန်ဆိုင်ရာအကျိုးမြတ်များ(tax credits)ရယူနိုင်မည့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့သည်။ လတ်တလောပြဌာန်းခဲ့သော အခွန်မူဝါဒအသစ်နှင့်အညီ လက်တွေ့ဆောင်ရွက်နိုင်မည့် လမ်းညွှန်ချက်များကို ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိအာဏာတည်မည့် အဆိုပါမူဝါဒအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် တရုတ်နိုင်ငံတွင်းရှိကုမ္ပဏီများမှရရှိသောလက်ငင်းအမြတ်ငွေများကို တရုတ် ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအတွက် ပြန်လည်အသုံးပြုမည်ဆိုပါက ပူးပေါင်းဝင်ငွေခွန်(corporate income tax credit)အဖြစ် ၁၀% လျှော့ပေးမည်ဖြစ်သည်။ ထို့အပြင် အသုံးမပြုရသေးသော အကျိုးအမြတ်များ (unused credits)ကို နောင်နှစ်များသို့ ဆက်လက်သယ်ဆောင်သွားနိုင်ပြီး လက်ရှိအခွန်သဘောတူညီချက်များအရ အခွန်နှုန်းလျော့နည်းသော အခွန် စည်းကြပ်မှုများကိုလည်း ခံစားခွင့်ရှိသည်။
STA ၏ ထုတ်ပြန်ချက်အရ မှတ်ပုံတင်ထားသော မတည်ရင်းနှီးငွေများ(registered capital) သို့မဟုတ် ပေးချေထားသော အရင်းအနှီးများတိုးမြှင့်ခြင်း(increase paid-in capital)နှင့် အရန်အရင်းအနှီးများ(capital reserves) အတွက်အသုံးပြုသောအမြတ်ငွေများသည် အခွန်အကျိုးအမြတ်ရယူနိုင်သောရင်းနှီးမြှုပ်နှံမှုများအဖြစ် အသိအမှတ် ပြုသွားမည်ဖြစ်သည်။
ထို့အပြင် STA သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှုကာလအပိုင်းအခြား၊ အခွန်အကျိုးအမြတ်ပမာဏ(tax credit amount)သတ်မှတ်ရန်အတွက် တွက်ချက်ပုံနည်းစနစ်နှင့် အခွန်အကျိုးအမြတ်များ(tax credits)တောင်းခံနိုင်မည့် လုပ်ငန်းစဉ်များအပါအဝင် အဆိုပါအခွန်ဆိုင်ရာ မက်လုံး(tax incentives)အတွက် အကောင်အထည်ဖော်နိုင်မည့်မူဘောင်များ(executable frameworks)ကို ရှင်းလင်းစွာ ဖော်ပြထားခဲ့သည်။
အထူးသဖြင့် တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအားပေးရန်အတွက် အခွန်ဆိုင်ရာ မက်လုံးများပေးအပ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်အတွင်း အခွန်ဆိုင်းငံ့ရေးမူဝါဒ(tax deferral policy)ဖြင့် တရုတ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် လျင်မြန်စွာတိုးတက်လာခဲ့ကြောင်း STA ၏ နှစ်ဆန်းပိုင်း၌ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရှိရသည်။
တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် လက်ငင်းအမြတ်ငွေပြန်လည်ရင်းနှီးမြှုပ်နှံ မှု(dividend reinvestment)အတွက် အခွန်အကျိုးအမြတ်ရရှိမည့် မူဝါဒအသစ်ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် တရုတ်နိုင်ငံတွင်းရှိကုမ္ပဏီများမှရရှိသော လက်ငင်းအမြတ်ငွေများကို ပြည်တွင်း၌ ပြန်လည် ရင်းနှီးမြှုပ်နှံပါက ကော်ပိုရိတ်အခွန်(corporate income tax) ၁၀% လျှော့ပေးသည့် အကျိုးခံစားခွင့်ရရှိမည်ဖြစ် သည်။ ပြည်တွင်းကုမ္ပဏီများအတွက်မှတ်ပုံတင်ထားသော ရင်းနှီးမတည်ငွေ သို့မဟုတ် အရန်ရင်းနှီးမတည်ငွေများတိုးမြင့်ရန်အတွက် အသုံးပြုသည့်အမြတ်ငွေများအကျုံးဝင်သည်။ ရရှိသည့်အခွန်အကျိုးအမြတ်များကို ၂၀၂၈ ခုနှစ်ထိ သယ်ဆောင်ခံစားခွင့်ရရှိမည်ဖြစ်သည်။
အရင်းမြစ်။ https://en.people.cn/n3/2025/0801/c90000-20348189.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)