India (Kolkata)

၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလတွင် မြန်မာနိုင်ငံမှ ပဲစဉ်းငုံ(ခွဲခြမ်း)တန်ချိန် ၄ သိန်းနှင့် မတ်ပဲ (ခွဲခြမ်း)တန်ချိန် ၁ သန်းအား အိန္ဒိယဝယ်ယူသွားမည်

Last Updated:

အိန္ဒိယနိုင်ငံသည် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ ပဲစဉ်းငုံ(ခွဲခြမ်း)တန်ချိန် ၄ သိန်းကိုလည်းကောင်း ဖေဖေါ်ဝါရီလတွင် မတ်ပဲ(ခွဲခြမ်း)တန်ချိန် ၁ သန်းကိုလည်းကောင်း တင်သွင်းသွားမည်ဖြစ်ပြီး၊ ပြည်တွင်း၌ ၎င်းပဲအမျိုးအစားများ၏ ဈေးနှုန်းများမြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန် ယင်းသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးက Economic Times သတင်းစာသို့ ပြောကြားခဲ့သည်။

အိန္ဒိယအနေဖြင့် ပဲစိုက်ဧကများကျဆင်းပြီး၊ ယခင်နှစ်ကထက် ပဲမျိုးစုံထုတ်လုပ်မှုကျဆင်းဖွယ်ရှိကြောင်းခန့်မှန်းထားသည့်အတွက် ယခုအခါတွင် ပဲများကို ပြည်ပမှတင်သွင်းလျက်ရှိသည်။ ယခုနှစ် ဇန်နဝါရီလတွင် အဆိုပါပဲများကို သိုလှောင်၍ ဈေးတင်ရောင်းချခြင်းမှ ကာကွယ်ရန်နှင့် စားသုံးသူများ ဈေးနှုန်းသင့်တင်စွာဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ အစိုးရက ပဲလက်ကျန်သိုလှောင်ထားရှိမှုပမာဏကို ကန့်သတ်ထိန်းချုပ်ခဲ့သည်။ အဆိုပါကန့်သတ်ချက်သည် အောက်တိုဘာလ ၃၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးသွားသည့်အတွက် ဒီဇင်ဘာလကုန်အထိ ထပ်မံ၍ သက်တမ်းတိုးမြှင့်ခဲ့သည်။

ယခုလ(၅)ရက်နေ့က မတ်ပဲ၏ အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံး ပျှမ်းမျှလက်လီဈေးမှာ ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၁၁၁၉၈.၀၉ ရှိပြီး၊ ယခင်နှစ်က ရူပီး ၉၆၂၇.၄၈ သာရှိခဲ့ကြောင်း အစိုးရအချက်အလက်များအရသိရသည်။ ပဲမျိုးစုံလက်လီဈေးဖေါင်းပွမှုသည် အောက်တိုဘာလတွင် ၁၈ ဒသမ ၇၉ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး၊ အဓိကအားဖြင့် ပဲစဉ်းငုံ(၄၀.၉၄%)၊ ကုလားပဲ(၁၁.၁၆%) နှင့် ပဲတီစိမ်း(၁၂.၇၅%)တို့က ဈေးဖေါင်းပွမှုအမြင့်ဆုံးပဲများဖြစ်ကြောင်း သိရသည်။ ပဲစဉ်းငုံဈေးဖေါင်းပွမှုနှုန်းသည် စက်တင်ဘာလကထက် ၃၇ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ အစိုးရအနေဖြင့် မတ်လအတွင်းက ပဲစဉ်းငုံအပေါ် သွင်းကုန်ခွန်ဖယ်ရှားခဲ့ပြီး အာဖရိကနှင့် မြန်မာနိုင်ငံတို့မှ တိုးမြှင့်တင်သွင်းခဲ့သည့်ကြားက ယင်းကဲ့သို့ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခြေအနေအား ပိုမိုဆိုးရွားစေသည့်အချက်မှာ ခါရစ်(မိုးရာသီ)တွင် ပဲစဉ်းငုံစိုက်ဧကများကျဆင်းပြီး ထုတ်လုပ်မှုကျဆင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အပြန်အလှန်အားဖြင့် လွန်ခဲ့သောလအနည်းငယ်က စားနပ် ရိက္ခာဈေးနှုန်းများကို မြင့်တက်စေခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်က ပဲစဉ်းငုံစိုက်ဧရိယာ ဟက်တာ ၄ ဒသမ ၆၁ သန်းရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ် ကာလတူတွင် ဟက်တာ ၄ ဒသမ ၃၉ သန်းသို့ ကျဆင်းခဲ့ကြောင်း အစိုးရအချက်အလက်များက ဖော်ပြထားသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၄ ခုနှစ် ခရစ်ရာသီသီးနှံအထွက် ပထမအကြိမ်ကြိုတင်ခန့်မှန်းချက်အရ ပဲစဉ်းငုံအထွက်ကို ယခင်နှစ်နှင့်အလားတူတန်ချိန် ၃ ဒသမ ၄၂ သန်းထွက်ရှိမည်ဟု ခန့်မှန်းဖော်ပြထား သည်။ ယခုနှစ် မတ်ပဲစိုက်ဧကမှာ ဟက်တာ ၃ ဒသမ ၀၇ သန်းရှိကာ ယခင်နှစ်က ဟက်တာ ၃ ဒသမ ၁၀ သန်းရှိခဲ့သည့်အတွက် ကျဆင်းခဲ့ကြောင်း တွေ့ရသည်။

ပဲစဉ်းငုံ(ခွဲခြမ်း)ကို အိန္ဒိယနိုင်ငံ ဒေသအစိတ်အပိုင်းအများအပြားတွင် စားသုံးကြသည့်အတွက် တစ်နှစ်လျှင် တန်ချိန် ၄၅ သိန်း(၄.၅ သန်း)လိုအပ်ကြောင်း အိန္ဒိယ ပဲမျိုးစုံနှင့် သီးနှံအသင်းဥက္ကဌ Bimal Kothari က ပြောကြားခဲ့သည်။ ယခုနှစ် နိုဝင်ဘာလတွင် ပဲစဉ်းငုံဈေးနှုန်း ၄၀ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့သည့်အတွက် ပဲမျိုးစုံဈေးဖေါင်းပွမှုဆက်လက်အရှိန်မြင့်တက်နိုင်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြကြသည်။ ပဲစဉ်းငုံကို လက်လီဈေးကွက်တွင် ၀ ဒသမ ၈ ရာခိုင်နှုန်းပိုမိုဝယ်ယူကြကြောင်း သိရသည်။ လက်ကားဈေးကွက်တွင် ပဲစဉ်းငုံ(ခွဲခြမ်း)ဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ရူပီး ၈၇ မှ ၉၀ အတွင်းရှိသည်။

ပြည်ပမှ တင်သွင်းထားသော ပဲများဈေးကွက်အတွင်းဝင်ရောက်လာပါက ယခုကဲ့သို့ပဲဈေးနှုန်း ရုတ်တရက်မြင့်တက်ခြင်းမျိုးမရှိနိုင်တော့ဟု ခန့်မှန်းရကြောင်း၊ လာမည့်နှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ တင်သွင်းထားသော ပဲစဉ်းငုံများသည် အိန္ဒိယသို့ရောက်ရှိလာမည်ဖြစ်ကြောင်း Kothari က ဖြည့်စွက်ပြောကြားခဲ့သည်။

ဘာရိုဒါဘဏ်(The Bank of Baroda)မှ ၂၀၂၃-၂၀၂၄ ခုနှစ် ခါရစ်သီးနှံများထွက်ရှိမှုကြိုတင်ခန့်မှန်းချက်အစီရင်ခံစာအရ မတ်ပဲ(ခွဲခြမ်း)ထုတ်လုပ်မှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ကျဆင်းဖွယ်ရှိကြောင်းနှင့်ယခင်ဘဏ္ဍာနှစ်က တန်ချိန် ၁ ဒသမ ၇၇ သန်းရှိပြီး၊ ယခုဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၅ သန်းမှ ၁ ဒသမ ၆ သန်းသာရှိမည်ဟု ၎င်းက ခန့်မှန်းထားသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံအဓိကတင်သွင်းရာဈေးကွက်ဖြစ်ပြီး ပဲစဉ်းငုံနှင့်မတ်ပဲတို့ကို အများဆုံးဝယ်ယူတင်သွင်းလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများတွင် အဆိုပါပဲများကို တန်ချိန် ၁ သန်းအထိ မြန်မာနိုင်ငံမှ ဝယ်ယူတင်သွင်းသွားရန် ပြင်ဆင်လျက်ရှိသည့်အပေါ် သိရှိပြီး၊ လိုအပ်သလိုကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ The Economic Times သတင်းဌာန၊ “India to import tur, urad from Myanmar in January-February”၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။    

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)