ဖိလစ်ပိုင်နိုင်ငံ Bureau of Plant Industry(BPI)၏အချက်အလက်များအရ ယခုနှစ် ပထမခြောက်လအတွင်း ဆန်တင်သွင်းမှုသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၂၀.၁ ရာခိုင်နှုန်း(တန်ချိန် ၄၆၀,၀၀၀ ခန့်)ပိုမိုမြင့်တက်ခဲ့ပြီး စံချိန်တင်အမြင့်ဆုံးပမာဏဖြစ်သော တန်ချိန် ၂.၇၅ သန်းအထိရှိခဲ့သည့်သတင်းအား ဖိလစ်ပိုင်နိုင်ငံအခြေစိုက် The Philippine Star သတင်းစာတွင် ဖော်ပြထားပါသည်။
အဆိုပါသတင်းတွင် ဇန်နဝါရီလမှ ဇွန်လအထိတင်သွင်းမှုပမာဏသည် BPI က ၂၀၁၉ ခုနှစ်တွင် ဆန်တင်သွင်းမှုမှတ်တမ်းများစတင်ကောက်ခံခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးပထမနှစ်ဝက် ဆန်တင်သွင်းမှုဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာန၏ တစ်နှစ်တာလုံးခန့်မှန်းချက်(တန်ချိန် ၄.၈ သန်း)၏ ၅၇ ရာခိုင်နှုန်း(ထက်ဝက်ကျော်)ရှိနေပြီဖြစ်ကြောင်း၊ လောင်စာဆီနှင့် မြေဩဇာစျေးနှုန်းများမြင့်မားလာခြင်း၊ အယ်လ်နီညို(El Niño)ကြောင့် ဈေးကွက်အတွင်း ဆန်စျေးနှုန်းနှင့် ထောက်ပံ့မှုကို မျှခြေဖြစ်စေရန် ဆန်တင်သွင်းမှုကို တိုးမြှင့်ခဲ့ကြောင်း၊ ဆန်တင်သွင်းမှု ၂၀ ရာခိုင်နှုန်းတိုးလာသော်လည်း ဈေးကွက်လိုအပ်ချက်အတွက် စိန်ခေါ်မှုများရှိနေသေးကြောင်း၊ နှစ်ကုန်အထိ ဆန်စျေးနှုန်းတည်ငြိမ်စေရန်နှင့် လုံလောက်စွာရရှိစေရန် လုပ်ဆောင်နေပြီး ဆန်တင်သွင်းမှုကြောင့် စပါးစျေးနှုန်းများကျဆင်းမသွားစေရန်လည်း လယ်သမားများကို အာမခံထားသည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ Arnel de Mesa က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့(National Food Authority-NFA)အနေဖြင့် လာမည့်ရိတ်သိမ်းရာသီတွင် ပြည်တွင်းစပါးကို ဈေးမြှင့်ဝယ်ယူမည်ဖြစ်ပြီး တတိယသုံးလပတ်မှစ၍ စပါးအစိုတစ်ကီလိုလျှင် ၂၂ ပီဆိုနှင့် စပါးအခြောက်တစ်ကီလိုလျှင် ၂၇ ပီဆိုသတ်မှတ်ထားကြောင်း၊ တစ်ချိန်တည်းတွင် ကမ္ဘာ့ဆန်ဈေးသက်သာနေခြင်းကိုလည်း အခွင့်ကောင်းယူသင့်ကြောင်း De Mesa က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
နှစ်ကုန်အထိ ဆန်ဈေးနှုန်းနှင့် ပမာဏတည်ငြိမ်ရန် မျှတစွာလုပ်ဆောင်နေပြီး ဆန်တင်သွင်းမှုပိတ်ပင်ခြင်းရှိ/မရှိမှာ စိုက်ပျိုးရေးဝန်ကြီးအပေါ် မူတည်သည်ဟု De Mesa က ပြောကြားခဲ့ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုလျော့ကျခြင်းနှင့်မိုးခေါင်မှုကြောင့် ယခုနှစ်တွင် ဖိလစ်ပိုင်၏ပြည်ပဆန်တင်သွင်းမှုသည် ၅.၇ သန်းမက်ထရစ်တန်အထိရှိလာနိုင်ပြီး ကမ္ဘာ့အများဆုံးဆန်တင်သွင်းသည့်နိုင်ငံအဖြစ် ဆက်ရှိနေမည်ဟု အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။
Source: The Philippine Star သတင်းစာ- Rice imports rise to record 2.75 million MT in H1
(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)