ရုရှားအစိုးရသည် ပြည်တွင်းလောင်စာဆီဈေးကွက်တွင် တည်ငြိမ်သော အခြေအနေကို ဆက်လက်ထိန်းသိမ်းရန်အတွက် ဓာတ်ဆီတင်ပို့မှုအားလုံးနှင့် ဒီဇယ်ဆီထုတ်လုပ်မှုမရှိသူများအတွက် ဒီဇယ်ဆီတင်ပို့မှုကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ယာယီတားမြစ်ချက်ကို ချမှတ်ခဲ့ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က ပြောကြားခဲ့သည်။
ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို နှစ်ကုန်အထိ သက်တမ်းတိုးခြင်းဖြစ်ကြောင်း၊ ဒီဇယ်တင်ပို့မှုတားမြစ်ချက်သည် ဒီဇယ်ထုတ်လုပ်မှုမရှိသူများအတွက် အကျုံးဝင်ကြောင်း၊ ယင်းသို့ပိတ်ပင်တားမြစ်ခြင်းသည် အစိုးရအချင်းချင်းသဘောတူညီချက်များအောက်တွင် လောင်စာဆီထောက်ပံ့မှုကို သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ယခင်တွင် ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို စက်သုံးဆီလုပ်ငန်းထုတ်လုပ်သူများအတွက် စက်တင်ဘာလကုန်အထိ သက်တမ်းရှိခဲ့ပြီး ထုတ်လုပ်မှုမရှိသူများအတွက် အောက်တိုဘာလကုန်အထိ သက်တမ်းရှိခဲ့သော်လည်း ယခုအခါ ဓာတ်ဆီတင်ပို့မှုအားလုံးကို နှစ်ကုန်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်၍ ပို့ကုန်လုပ်ငန်းရှင်များအားလုံးနှင့် အကျုံးဝင်မည်ဖြစ်သည်။
ရုရှားနိုင်ငံသည် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အဖွဲ့ဝင်နိုင်ငံများမှလွဲ၍ အခြားနိုင်ငံများသို့ ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန် ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ စတင်ကျင့်သုံးခဲ့သည်။ ယင်းတားမြစ်ချက်ကို လိုအပ်သလို သက်တမ်းတိုးဆောင်ရွက်ခဲ့သော်လည်း ဒီဇယ်ဆီတင်ပို့မှုကို တားမြစ်ခဲ့ခြင်းမရှိခဲ့ပါ။ လက်ရှိအစိုးရ၏ လောင်စာဆီတင်ပို့မှုတားမြစ်ချက်သည် ဒီဇယ်ဆီတင်ပို့မှုကိုလည်း သက်ရောက်လာခဲ့သည်။
ဒီဇယ်ဆီထုတ်လုပ်မှုမရှိသူများအတွက် ဒီဇယ်ဆီတင်ပို့မှုတားမြစ်ချက်ကို အောက်တိုဘာ ၁ ရက်မှ စတင်အသက် ဝင်ခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းရှိမည်ဖြစ်သည်။ သို့သော် ဒီဇယ်ဆီထုတ်လုပ်သူများ၏ တိုက်ရိုက်တင်ပို့ရောင်းချမှုအပေါ် သက်ရောက်မှုမရှိကြောင်း သိရသည်။
Source : https://www.interfax.ru/russia/1050153
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)