Russia

ရုရှားသည် အီးယူကုမ္ပဏီအချို့မှ ငါးထွက်ကုန်များတင်သွင်းမှုနှင့် ဖြတ်သန်းသွားလာမှုကို တားမြစ်ခဲ့

Last Updated:

ရုရှားနိုင်ငံသည် အီးယူကုမ္ပဏီအချို့မှ ငါးထွက်ကုန်များတင်သွင်းမှုနှင့် ဖြတ်သန်းသွားလာမှုကို ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှစ၍ တားမြစ်ပိတ်ပင်ခဲ့ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၊ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှုဖက်ဒရယ်အစိုးရဌာန(Rosselkhoznadzor)က သတင်းထုတ်ပြန်ခဲ့သည်။

Rosselkhoznadzor သည် အီးယူလုပ်ငန်းအချို့မှ ငါးထွက်ကုန်များတင်သွင်းခြင်း၊ ရုရှားပိုင်နက်ကိုဖြတ်၍ ၎င်းတို့၏သွားလာလှုပ်ရှားမှုနှင့် တတိယနိုင်ငံသို့ ကူးသန်းသွားလာခြင်းတို့ကို ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်မှစ၍ တားမြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် အက်စတိုးနီးယားမှ လုပ်ငန်းနှစ်ခု၊ ဒိန်းမတ်မှ နှစ်ခုနှင့် ပြင်သစ်မှ တစ်ခုတို့ကို တားမြစ်ကြောင်း ပါဝင်သည်။

ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အဖွဲ့ဝင်နိုင်ငံများသို့ ၎င်းထုတ်ကုန်များကို တင်ပို့နေသော ငါးလုပ်ငန်းများကို စစ်ဆေးရန် EU နိုင်ငံများ၏ငြင်းဆိုမှုကြောင့် ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

EAEU အဖွဲ့ဝင်နိုင်ငံများသို့ ငါးနှင့် ရေထွက်ကုန်များတင်ပို့နိုင်ရန် EAEU ၏ တိရိစ္ဆာကျန်းမာရေးနှင့် သန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်နှင့်အညီ ဆောင်ရွက်ထားကြောင်းကို သက်ဆိုင်ရာနိုင်ငံရှိ အာဏာပိုင်များ၏ အာမခံသည့်အပေါ်မူတည်၍ Rosselkhoznadzor ဌာနမှ ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို တရားဝင်ကွင်းဆင်းစစ်ဆေးအကဲဖြတ်ခြင်းဖြင့် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

Source : https://tass.ru/ekonomika/23879893

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia