India (Delhi)

အိန္ဒိယနိုင်ငံ၏ လွယ်ကူသောငွေပေးချေမှုကြားခံစနစ် (UPI) ကို ဂျပန်နိုင်ငံနှင့်အနောက်နိုင်ငံများအချို့အပါအဝင် နိုင်ငံများမှ စိတ်ဝင်စားလျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံ၏လွယ်ကူသောငွေပေးချေမှုကြားခံစနစ်တစ်ခုဖြစ်သည့် Unified Payments Interface(UPI)ကို အနောက်နိုင်ငံအချို့နှင့်ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများနှင့်ချိတ်ဆက်ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတကာတွင်အသုံးပြုနိုင်‌ရေး ကြိုးပမ်း‌ဆောင်ရွက်မှုများမှာ တိုးတက်မှုများရှိသည်ဟု ဗဟိုဘဏ်(Reserve Bank of India-RBI) က ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်းနှင့်  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် RBI သည် စင်ကာပူ၏ Paynow နှင့်ပေါင်းစည်းခြင်းဖြင့် UPI ၏ ပထမဆုံးချိတ်ဆက်မှုကိုကြေညာခဲ့ပြီး နှစ်နိုင်ငံအကြား ပိုမိုမြန်ဆန်ပြီး ပွင့်လင်းမြင်သာသော ငွေလွှဲမှုများအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

RBI ၏ တတိယမြောက်ငွေကြေးမူဝါဒပြန်လည်သုံးသပ်ချက်ကို ကြေညာရာတွင်လည်း UPI ငွေပေးချေမှုများတွင် ဥာဏ်ရည်တု(Artificial intelligence-AI)ကို အသုံးပြုရန်စီစဉ်နေပြီး UPI-Lite Apps ဖြင့် ငွေပေးချေမှုများတွင် အင်တာနက်မလိုဘဲ အသုံးပြုနိုင်ရန်နှင့် အနီးနားရှိသူများနှင့် ဆက်သွယ်နိုင်သည့်နည်းပညာ(Near-Field Communication-NFC)ကိုလည်း အသုံးချရန်စီစဉ်နေကြောင်းနှင့် UPI Lite တွင် တန်ဖိုးငွေပမာဏနည်းသော ဒစ်ဂျစ်တယ်ငွေပေးချေမှုများအတွက် ငွေပေးချေမှုကန့်သတ်ချက်ကို ရူပီး 200 မှ ရူပီး 500 သို့ တိုးမြှင့်ခဲ့သည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားထား သည်။

အခြားနိုင်ငံများနှင့် UPI ချိတ်ဆက်မှုများအနေဖြင့် စင်ကာပူနှင့်ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မကြာခင်ကလည်း UAE ၏ငွေပေးချေမှုစနစ် Integrated Payment Platform(IPP)နှင့် UPI ကို ချိတ်ဆက်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ UPI နှင့်ချိတ်ဆက်နိုင်ရန် ဖွံ့ဖြိုးပြီးနိုင်ငံများအပါအဝင် အခြားသောနိုင်ငံများနှင့်လည်း ဆွေးနွေးလျက်ရှိသည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဖြစ်သူ T Rabi Shankar ကလည်း သတင်းထောက်များအား ပြောကြားထားပါသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားရာတွင် UPI အား ယခုအချိန်တွင် နိုင်ငံတကာက အသိအမှတ်ပြုလာပြီဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင်အထိရောက်ဆုံးနှင့် အဆင့်မြင့်သည့်ငွေပေးချေမှုစနစ်ဖြစ်ကောင်းဖြစ်နိုင်ပါကြောင်းနှင့် မကြာသေးမီက ကျင်းပခဲ့သည့် G 20 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးတွင် UPI ကို ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုခဲ့ကြပါကြောင်း၊ UPI နှင့် ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကို အခြားသောနိုင်ငံအချို့နှင့် ဆွေးနွေးလျက်ရှိပြီး မကြာမီအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ပြောကြားထားပါသည်။

အိန္ဒိယဘဏ်များအသင်း(Indian Banks' Association-IBA) ၏ဥက္ကဌ AK Goel က UPI တွင် စကားပြောဆိုမှုဖြင့် ငွေပေးချေမှုများ၊  UPI အတွက် ပိုမိုအသုံးပြုရလွယ်ကူသော အစီအမံများနှင့် UPI-Lite ကို NFC နည်းပညာအသုံးပြု၍ အင်တာနက်မလိုဘဲ အရောင်းအ၀ယ်ပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေခြင်းဖြင့် UPI အသုံးပြုမှုကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

UPI သည် မြန်မာနိုင်ငံရှိ KBZ Pay ၊ AYA Pay ကဲ့သို့သော လွယ်ကူစွာငွေပေးချေနိုင်သည့်စနစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် လူအများစု ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလျက်ရှိသည့် ငွေပေးချေမှုအမျိုးအစားဖြစ်ပါသည်။ အဆိုပါငွေပေးချေမှုစနစ်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းအားဖြင့် ငွေသားကိုင်ဆောင်အသုံးပြုမှုကို လျှော့ချနိုင်သကဲ့သို့ လူတစ်ဦးချင်းသုံးစွဲနိုင်မှုကို ခြေရာခံနိုင်မည်ဖြစ်ပြီး ငွေကြေးဆိုင်ရာမူဝါဒများချမှတ်ရာတွင်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သင့်ပါကြောင်းနှင့် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ငွေပေးချေမှုများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ငွေပေးချေမှုများ၊ ငွေလွှဲများအဓိကဆောင်ရွက်နေသည့်နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

Source : More countries, including Japan, a few from the West, interested in UPI linkages: RBI, The Economic Times, 10 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)