အမေရိကန်နိုင်ငံသို့ ပြည်ပနိုင်ငံထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်သွင်းခြင်းအပေါ် အခွန်နှုန်းထား ၁၀၀% ကောက်ခံခြင်း၏ သက်ရောက်လာနိုင်မှုကြောင့် အကြီးအကျယ်ထိခိုက်လာနိုင်သည့်အတွက် ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်သည့်ကဏ္ဍအတွက် ပို့ကုန်ဈေးကွက်အား ချဲ့ထွင်သွားရန် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ ပြီးခဲ့သည့်သတင်းပတ်က ကြေညာခဲ့သည့် အမေရိကန်နိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်သွင်းခြင်းအတွက် အခွန်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ထုတ်လုပ်သည့်ကုမ္ပဏီများကိုမူ အခွန်ကင်းလွတ်ခွင့်ပေးသွားမည်ဟူသောကြေညာချက်နှင့်စပ်လျဉ်း၍ ဖိလစ်ပိုင်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ထိခိုက်လာစေနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကျဆင်းလာနိုင်သည့် အလားအလာရှိကြောင်း Semiconductor and Electronics Industries in the Philippines Foundation Inc. (SEIPI) မှ သတိပေးအကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။
US Trade Expansion Act of 1962 အရ တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်သွင်းမှုမှာ အခွန်ကင်းလွတ်ခွင့်ရရှိထားသော ကုန်ပစ္စည်းအမယ်တစ်ခုဖြစ်ပါကြောင်း၊ယခုကဲ့သို့အခွန် ၁၀၀% ကောက်ခံမည်ဆိုပါက ၀% မှ ၁၀၀% သို့မြင့်တက်ခြင်းသည် အလွန်စိုးရိမ်ရသည့် အခြေအနေတစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုစုစုပေါင်း၏ ၇၀% မှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့ခြင်းဖြစ်ပြီးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့်ရှိခဲ့ပါသည်။ အဆိုပါပမာဏ၏ ၁၅% ၊ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်မှာ အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပါသည်။
အခွန်နှုန်းထားအသစ်ကြေညာချက်ထွက်ပြီးနောက် SEIPI အနေဖြင့် အမေရိကန်နိုင်ငံတွင် စက်ရုံတည်ထောင်သွားရန်စိတ်ဝင်စားမှုရှိသည်ကို ဖော်ပြလာမှုများရှိလာပါကြောင်း၊ လက်ရှိတွင် အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏ၏ ၁၇.၃% ရှိကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၂၁ ဘီလီယံခန့်ရှိပါသည်။ အမေရိကန်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံအပေါ် သတ်မှတ်ခဲ့သည့်အခွန်နှုန်းထား ၁၉% အတွက် အပြန်အလှန်အားဖြင့် အမေရိကန်၏ မော်တော်ယာဉ်များ၊ ပဲပိစပ်၊ ဂျူံ၊ ဆေးဝါးတို့တင်သွင်းမှုအပေါ် ဖိလစ်ပိုင်နိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ပေးခဲ့ပါသည်။ ယခုသတ်မှတ်လိုက်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းအပေါ် ကောက်ခံမည့် အခွန်နှုန်းထားအတွက်မူ သမ္မတမားကို့စ်ဂျူနီယာမှ မည်ကဲ့သို့ပြန်လည်တုံ့ပြန်ဆောင်ရွက်သွားမည်ကို မသိရသေးကြောင်း ဖော်ပြပါရှိပါသည်။
သို့ရာတွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက အကျိုး အမြတ်များရရှိနိုင်ပါကြောင်း၊ အကောင်းဆုံးနည်းလမ်းတစ်ခုမှာ အမေရိကန်မဟုတ်သည့် ပြင်ပဈေးကွက်များကိုသာရှာဖွေသွားခြင်းသည်သာ အသင့်တော်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့်လည်း တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဟာ့ဒ်ဝဲများ၊ လျှပ်စစ်ပစ္စည်းများကို ထုတ်လုပ်ခြင်းမှတစ်ဆင့် အဆင့်မြင့်ထုတ်လုပ်သည့် ဆားကစ်ဒီဇိုင်းများနှင့် အခြားသော တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းသွားသင့်ကြောင်းဖော်ပြပါရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို အမေရိကန်အပြင် တရုတ်၊ ဟောင် ကောင်၊ စင်ကာပူ၊ ဂျပန်နှင့် အီးယူတို့ကိုလည်း တင်ပို့လျက်ရှိပါသည်။
Source: https://mb.com.ph/2025/08/11/seipi-us-tariff-threat-could-crush-philippine-chip-industry
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)