India (Delhi)

ကျောက်မျက်နှင့် ကျောက်မျက်ရတနာပို့ကုန်မြှင့်တင်ရေးကောင်စီ(GJEPC)သည် မွမ်ဘိုင်းမှ အိန္ဒိယ၏ ပထမဆုံးလက်ဝတ်ရတနာများအား အမြန်ချောပို့စနစ်ဖြင့်တင်ပို့မှုကို ကူညီဆောင်ရွက်ပေး

Last Updated:

နိုင်ငံတကာကုန်သွယ်မှုကို ရိုးရှင်းစေရန် ၎င်း၏အစပျိုးမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံတွင်း ကျောက်မျက်နှင့် လက်ဝတ်ရတနာတင်ပို့မှုအတွက် အဓိကအဖွဲ့အစည်းဖြစ်သော ကျောက်မျက်နှင့် ကျောက်မျက်ရတနာပို့ကုန်မြှင့်တင်ရေးကောင်စီ(GJEPC)သည် မွမ်ဘိုင်းမြို့မှ အိန္ဒိယ၏ ပထမဆုံးလက်ဝတ်ရတနာများကို အမြန်ချောပို့စနစ်ဖြင့် တင်ပို့မှုကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အွန်လိုင်းမှတစ်ဆင့် ကျောက်မျက်ရတနာများရောင်းချသည့် Caratlane ကုမ္ပဏီမှ အိန္ဒိယနိုင်ငံ၏ ပထမဆုံးလက်ဝတ်ရတနာ ၄ မျိုးကို  Air India လေကြောင်းလိုင်းမှတစ်ဆင့် အမေရိကန်သို့ တင်ပို့မှုသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။

GJEPC ဥက္ကဋ္ဌ Vipul Shah က ကျောက်မျက်ရတာနာကဏ္ဍကို အစိုးရမှ အရေးကြီးသည့်ကဏ္ဍအဖြစ် အလေးအနက်ကတိပြုချက်များထုတ်ပြန်ကြေညာအပြီး တစ်နှစ်အတွင်း ယခုကဲ့သို့ အမြန် ချောပို့စနစ်ဖြင့် ပို့ကုန်တင်ပို့မှုကို အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မွန်ဘိုင်းအကောက်ခွန်သည် ကျောက်မျက်လုပ်ငန်း၏ လက်ရှိစိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားကာ အရေးကြီးသောအချိန်ကာလတစ်ခုတွင် ဤခြေလှမ်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အမြန်ချောပို့စနစ်ဖြင့် ကျောက်မျက်ရတနာများတင်ပို့ခြင်းသည် စျေးကွက်သစ်များရှာဖွေပေးနိုင်သည်သာမက ပြည်ပရှိ လက်လီရောင်းချသူများနှင့် စားသုံးသူများထံ တိုက်ရိုက်ရောက်ရှိစေခြင်းဖြင့် ကျောက်မျက်ရတနာတန်ဖိုးမြှင့်ပို့ကုန်များကို သိသိသာသာချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာပို့ကုန်အတွက် အမြန်ချောပို့စနစ်အသုံးပြုခြင်းသည် ပုံမှန်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းလျှော့ချနိုင်ခြေရှိပြီး အိန္ဒိယတစ်ဝှမ်းရှိ လက်ဝတ်ရတနာလုပ်ငန်းအများအပြားကို e-commerce နယ်ပယ်သို့ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဂူဂျာရတ်ပြည်နယ်အပါအဝင် အဓိကကျောက်မျက်နှင့် လက်ဝတ်ရတနာများထုတ်လုပ်သည့်ဒေသများနှင့် နီးကပ်စွာတည်ရှိနေသည့် မွမ်ဘိုင်းသည် ဤဝန်ဆောင်မှုမှတစ်ဆင့် များစွာအကျိုးအမြတ် ရရှိမည်ဖြစ်ကြောင်း၊ ဤဖွံ့ဖြိုးတိုးတက်မှုသည် ကျောက်မျက်လုပ်ငန်း၏တိုးတက်မှုကို ပိုမိုမြှင့်တင်ရန် မျှော်လင့်ထားကြောင်း၊  အထူးသဖြင့် e-commerce အပိုင်းတွင် ပို့ကုန်များအတွက် လမ်းကြောင်းသစ်များဖွင့်လှစ်ရန် မျှော်လင့်ထားကြောင်းလည်းဖော်ပြထားပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ကျောက်မျက်ရတနာများအား အမြန်ချောပို့စနစ်ဖြင့် တင်ပို့မှုများအား စတင်ခွင့်ပြုနေမှုအခြေအနေနှင့် အီလက်ထရောနစ်ကုန်သွယ်မှုနည်းစနစ်ကိုအသုံးပြုပြီး ပို့ကုန်မြှင့်တင်ရေးနည်းလမ်းသစ်များ ဖော်ထုတ်ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: GJEPC facilitates India’s first jewellery exports through courier mode from Mumbai, The Economic Times, 8 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)