Thailand

ထိုင်းအစိုးရက ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံ ရေအရည်အသွေးစောင့်ကြည့်ကွန်ရက်တည်ဆောက်ရေးအရှိန်မြှင့်၊ နယ်စပ်ဖြတ်ကျော်အာဆင်းနစ်နှင့် အကြွင်းအကျန်အဆိပ်သင့်ဓာတုပစ္စည်းပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေ

Last Updated:

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Ms. Lalida Periswiwatana ၏ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ်ဦးဆောင်သည့်ထိုင်းအစိုးရအဖွဲ့သည် ရေအရင်းအမြစ်များအတွင်း နယ်စပ်ဖြတ်ကျော်အဆိပ်သင့်သတ္တုအကြွင်းအကျန် (Heavy metal)ညစ်ညမ်းမှုဘေးမှ ပြည်သူလူထုဘေးကင်းလုံခြုံစေရေးကို အမျိုးသားဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။ လက်ရှိတွင် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတရေးရာဝန်ကြီးဌာနသည် ဂျပန်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းကာ ရေအရည်အသွေးစောင့်ကြည့်စစ်ဆေးရေးစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာဆင်းနစ်(Arsenic)ဖယ်ရှားရေးစနစ်များတပ်ဆင်ရန် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတရေးရာဝန်ကြီး Mr. Suchart Chomklin သည် ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန(PCD)အား ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(UNIDO)၊ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့နှင့်ဆက်လက်ပူးပေါင်း၍ အထူးသဖြင့် ချင်းမိုင်၊ ချင်းရိုင်ပြည်နယ်များနှင့် မဲခေါင်မြစ်ဝှမ်းဒေသတစ်လျှောက် နယ်စပ်ဖြတ်ကျော်ရေထုညစ်ညမ်းမှုပြဿနာကို ပူးပေါင်းဖြေရှင်းရန်ညွှန်ကြားထားကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု၏ ကနဦးအဆင့်တွင် အာဆင်းနစ်စနစ်တကျစီမံခန့်ခွဲမှုပင်မစီမံကိန်းရေးဆွဲခြင်း၊ ဒေသခံလူထုအခြေပြုရေအရည်အသွေးစောင့်ကြည့်စနစ်ခိုင်မာစေရန် ရေစစ်ဆေးသည့် ကိရိယာများနှင့် လေ့ကျင့်ရေးသင်တန်းများပေးအပ်ခြင်း၊ ကျေးရွာရေပေးဝေရေးစနစ်များတွင် အာဆင်းနစ်ဖယ်ရှားသည့် စစ်ထုတ်စနစ်များတပ်ဆင်ပေးခြင်းတို့ပါဝင်ကြောင်း၊ အဆိုပါစီမံကိန်းကို မြေပြင်တွင် လက်တွေ့မစတင်မီလာမည့် ဇူလိုင် ၁၆-၁၇ ရက်များတွင် ချင်းမိုင်နှင့် ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးရန် ကွင်းဆင်းလေ့လာမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၎င်းအပြင် ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနသည် JICA နှင့်ပူးပေါင်း၍ ထိုင်း၊ မြန်မာနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့မှ ပညာရှင်များနှင့် ဝန်ထမ်းများ၏ ရေထုနှင့် အနယ်အနှစ်(Sediment)အရည်အသွေးစောင့်ကြည့်စစ်ဆေးမှုစွမ်းဆောင်ရည်မြှင့်တင်ရန် "Third Country Training Program(TCTP)"အစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယခုလှုပ်ရှားမှုသည် မဲခေါင်ဒေသခွဲ(Mekong sub-region)အတွင်း ရေထုစောင့်ကြည့်ရေးပူးပေါင်းကွန်ရက်တစ်ခုတည်ဆောက်ရန်နှင့် နယ်စပ်ဖြတ်ကျော်ညစ်ညမ်းမှုများကို ရေရှည်တည်တံ့စွာစီမံခန့်ခွဲနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပပူးပေါင်းဆောင်ရွက်မှုများကိုပေါင်းစပ်ကာ ရေထုညစ်ညမ်းမှုကို အရင်းအမြစ်မှစ၍ ဖြေရှင်းပြီး ပြည်သူများသောက်သုံးရေလုံခြုံစိတ်ချရစေရန်နှင့် ရေအရင်းအမြစ်ရေရှည်လုံခြုံမှုရှိစေရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ဖော်ပြထားကြောင်း သိရှိရပါသည်။

ကိုးကား- The Royal Thai Government

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand