Japan

၂၀၂၄ ခုနှစ်၊ ဒုတိယ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၃.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့

Last Updated:

ပြည်တွင်းစားသုံးမှုမြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဒုတိယ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၃.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။အဆိုပါသတင်းတွင် QUICK မှ စစ်တမ်းကောက်ယူခဲ့ရာတွင် စီးပွားရေးပညာရှင်များက ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဒုတိယ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂.၃ ရာခိုင်နှုန်းမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်ထက်ပင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂.၃ ရာခိုင်နှုန်းရှိခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်၊ ဒုတိယ ၃ လပတ်ကာလ တွင် ၀.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂျပန်နိုင်ငံ၏လစာနှုန်းထားများမှာ ၁.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးနောက် ဂျပန်ဗဟိုဘဏ်မှ မူဝါဒများပြောင်းလဲသတ်မှတ်ခဲ့ကြောင်း၊ ဂျပန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး၊ အစိုးရငွေချေးစာချုပ်ဝယ်ယူမှုကို တဖြည်းဖြည်းလျှော့ချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ဂျပန်ဗဟိုဘဏ်၏ သတ်မှတ်ရည်မှန်းနှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ပြီး ၂.၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ပုဂ္ဂလိက၏ဝယ်ယူသုံးစွဲနိုင်စွမ်းမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဒုတိယ ၃ လပတ်ကာလတွင် ပထမ ၃ လပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၌ မော်တော်ယာဉ်အသစ်များရောင်းချရမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂျပန် အစိုးရမှ တစ်ဦးလျှင် တစ်ကြိမ်အခွန်ပေးဆောင်ရမည့်ငွေမှ ယန်း ၄၀,၀၀၀(အမေရိကန်ဒေါ်လာ ၂၇၀) လျှော့ချပေးဆောင်ခွင့်ပြုပြီးနောက် ပုဂ္ဂလိက၏ဝယ်ယူသုံးစွဲနိုင်စွမ်းမှာ မြင့်မားလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: Japan