အလားအလာရှိသော ဈေးကွက်အသစ်များကို စူးစမ်းလေ့လာရန်အပြင် ကမ္ဘာ့ဈေးကွက်တွင် စိုက်ပျိုးရေးထွက်ကုန်များနှင့် အခြားအလားအလာရှိသော ဝန်ဆောင်မှုများကို တက်ကြွစွာမြှင့်တင် ဖြန့်ဖြူးရန် စီးပွားရေးသံမှူးများအား ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mrs. Suphajee Suthumpun က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာ့ပတ်ဝန်းကျင်တွင် အလွန်အမင်းမတည်မငြိမ်ဖြစ်ပေါ်နေပြီး မိမိတို့ဝန်ကြီးဌာနသည် ပြောင်းလဲနေသော စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာရင်ဆိုင်နိုင်ရန် အမြင်၊ နားလည်မှု၊ ရှင်းလင်းပြတ်သားမှုနှင့် လျင်မြန်ဖျတ်လတ်မှုတို့ကို အာရုံစိုက်ခြင်းဖြင့် မဟာဗျူဟာကိုချိန်ညှိနေကြောင်း၊ ဤမဟာဗျူဟာကို ကျယ်ပြန့်သော မဟာဗျူဟာမြောက်ရည်မှန်းချက်များချမှတ်ခြင်း၊ သေးငယ်သော လုပ်ဆောင်ချက်များမှစတင်၍ ပြဿနာများကို တစ်ဆင့်ပြီးတစ်ဆင့်ဖြေရှင်းခြင်းနှင့်ပြောင်းလဲနေသောအခြေအနေများနှင့်ကိုက်ညီစွာ လျင်မြန်စွာနှင့်သင့်လျော်စွာလိုက်လျော ညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းတို့ကို အလေးပေးသည့် TAM (Think Big, Act Small, Move Right) မော်ဒယ်ဖြင့် လမ်းညွှန်သွားမည်ဖြစ်ကြောင်း၊ ပြည်ပရုံးခွဲများရှိ စီးပွားရေးသံမှူးများအနေဖြင့် အဓိကကုန်သွယ်ဖက်များအပေါ် အလွန်အကျွံမှီခိုမှုအန္တရာယ်ကို လျှော့ချရန် လက်ရှိဈေးကွက်များကို ထိန်းသိမ်းခြင်းအပြင် ဈေးကွက်အမျိုးမျိုးခွဲဝေခြင်းဖြင့် ဈေးကွက်အသစ်များဆီသို့ တိုးချဲ့ခြင်းတို့ကို အာရုံစိုက်ကာ ကြိုတင်ကာကွယ်မှုများပြုလုပ်ရန်ဖြစ်ကြောင်း၊ ချဲ့ထွင်ရန်ပစ်မှတ်ထားသော ဈေးကွက်များမှာ အာရှနှင့် ဥရောပတို့တွင်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
အိန္ဒိယနှင့် တောင်အာရှအတွက် အဓိကထားလုပ်ဆောင်သည်မှာ အစားအသောက်ထုတ်ကုန်များ၊ စက်မှုကုန်ကြမ်းများနှင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများဖြစ် ကြောင်း၊ အလယ်လတ်တန်းစားနှင့် ဝယ်ယူနိုင်စွမ်း အလျင်အမြန်တိုးတက်လာသည့် ဒုတိယအဆင့်မြို့များကို အာရုံစိုက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ထိုင်းလယ်ယာထွက်ကုန်များ၊ အစားအသောက်နှင့် လူနေမှုပုံစံစသည့်ကုန်ပစ္စည်းများကို တိုးချဲ့မြှင့်တင်လိုပြီး တစ်ချိန်တည်းမှာပင် ထိုင်း၏စိုက်ပျိုးရေးထွက်ကုန်များ၊ အစား အသောက်နှင့် လူနေမှုပုံစံ စသည့်ကုန်ပစ္စည်းများကို မြှင့်တင်လိုပါကြောင်း၊ အနောက်ပိုင်းနှင့် ကုန်းတွင်းဒေသများတွင် ဈေးကွက်ဝင်ရောက်ခွင့်ကိုတိုးချဲ့လိုပြီး အွန်လိုင်းပလက်ဖောင်းများနှင့် အဓိကခေါင်းဆောင်များကိုလည်း ဈေးကွက် ရှာဖွေရေးလမ်းကြောင်းများအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ သည်။
အရှေ့အလယ်ပိုင်းတွင် မြင့်တက်လာသော ဒေသတွင်းတင်းမာမှုများကို စောင့်ကြည့်နေစဉ်တွင် ထောက်ပံ့ရေးကွင်းဆက်စဉ်ဆက်မပြတ်တည်တံ့စေရန် အခြားထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနှင့် ဂျပန်တို့သည် ၂၀၂၇ ခုနှစ်တွင် သံတမန်ဆက်ဆံရေးနှစ် ၁၄၀ ပြည့်အထိမ်းအမှတ်ကို ကျင်းပရန်စီစဉ်ထားပြီး ၎င်းတို့၏မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် အခွင့်အရေးတစ်ခုပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဥရောပတွင် ယခုနှစ်သည် ထိုင်းနှင့်ပြင်သစ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးနှစ် ၁၇၀ ပြည့်အထိမ်းအမှတ်ဖြစ်ပြီး ဥရောပဈေးကွက်တစ်လျှောက် ထိုင်းထုတ်ကုန်များနှင့် ယဉ်ကျေးမှုကိုမြှင့်တင်ရန် အခွင့်အလမ်းအသစ်များဖွင့်လှစ်ပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း၊လာမည့်ရိတ်သိမ်းရာသီမတိုင်မီ ထိုင်းလယ်ယာထွက်ကုန်များနှင့် သစ်သီးဝလံများကို ပြည်ပတွင်မြှင့်တင်နိုင်ရေးကြိုးပမ်းမှုများကို အရှိန်မြှင့်တင်ရန် စီးပွားရေးသံမှူးများအား တောင်းဆိုလိုပါကြောင်း၊ ဝန်ကြီးဌာနသည် ကမ္ဘာ့ဈေးကွက်တွင် ဝင်ငွေရှာဖွေရန် အလား အလာကောင်းများရှိသော ဒစ်ဂျစ်တယ်အကြောင်းအရာ၊ ဂိမ်း၊ ရုပ်ရှင်၊ ဆော့ဖ်ဝဲလ်၊ ထိုင်းစားသောက်ဆိုင်များနှင့် ကျန်းမာရေးနှင့် ကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းများအပါအဝင် ထိုင်းနိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း မြှင့်တင်ပေးနေပါကြောင်း၊ အလျင်အမြန်ပြောင်းလဲနေသော ကမ္ဘာကြီးကို မြန်မြန်ဆန်ဆန်လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ပြီး ဈေးကွက်အသစ်များတိုးချဲ့ရန် ထိုင်းထုတ်ကုန်များ၏တန်ဖိုးကို မြှင့်တင်ရန်နှင့် ထိုင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ကမ္ဘာ့ဈေးကွက်တွင် ထိရောက်စွာယှဉ်ပြိုင်နိုင်စေရန် ပံ့ပိုးပေးနိုင်ရေးအတွက် ပိုမိုတက်ကြွစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီး Mrs. Suphajee Suthumpun က လမ်းညွှန်မှာကြားခဲ့ပါသည်။
Source: www.bangkokpost.com၊
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)