India (Kolkata)

နောက်ထပ် အမေရိကန်တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီ Santech Global Inc က အနောက် ဘင်္ဂလားပြည်နယ်တွင် စီမံကိန်းတစ်ခုတည်ထောင်ရန် စိတ်ဝင်စား

Last Updated:

GlobalFoundries(GF)ကုမ္ပဏီပြီးနောက် နောက်ထပ်အမေရိကန်တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီတစ်ခုဖြစ်သော Santech Global Inc က အနောက်ဘင်္ဂလားပြည်နယ်တွင် စီမံကိန်းတစ်ခုတည်ထောင်ရန်စိတ်ဝင်စားကြောင်းပြောကြားခဲ့သည်ဟု ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အမေရိကန်ကောင်စစ်ဝန်ချုပ် Kathy Giles-Diaz က ဘင်္ဂလားဝန်ကြီးချုပ် Mamata Banerjee နှင့် ယခုလ ၄ ရက်နေ့တွင် Nabanna ၌ တွေ့ဆုံပြီးနောက် အဆိုပါအချက်ကို ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယူးဂျာစီပြည်နယ်အခြေစိုက် Santech Global ကုမ္ပဏီသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် နာနိုအီလက်ထရွန်းနစ်ပစ္စည်းများ အထူး သဖြင့်ထုတ်လုပ်ကြောင်း သိရသည်။"လိုအပ်တဲ့အထောက်အပံ့တွေပေးနိုင်ဖို့ ကုမ္ပဏီနဲ့တိုင်ပင်ဆွေးနွေးနေပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းက Santech Global မှ အနောက်ဘင်္ဂလားပြည်နယ်တွင် စီမံကိန်းတည်ထောင်ခြင်းသည် ပြည်နယ်အတွင်း ခိုင်မာသောတစ်ပိုင်းလျှပ်ကူးပစ္စည်းဂေဟစနစ်ဖန်တီးရာတွင် အထောက်အကူပြုမည်ဖြစ်ပြီး စီးပွားရေး အခွင့် အလမ်းများ ပိုမိုပွင့်လာစေမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ပြည်နယ်အစိုးရက အဆိုပါ GlobalFoundries(GF)သည် လုပ်ငန်းများတိုးချဲ့ရန်အတွက် ထပ်ဆောင်းမြေနေရာပံ့ပိုးပေးရန် တောင်းခံထားကြောင်း ထပ်မံပြောကြားခဲ့သည်။ GF စီမံကိန်းကို ယခင်နှစ် စက်တင်ဘာလက အမေရိကန်သမ္မတဟောင်း Joe Biden နှင့်ဝန်ကြီးချုပ် Narendra Modi တို့တွေ့ဆုံစဉ်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်က ကော်လ်ကတ္တားမြို့၊ Sector V ရှိ အိန္ဒိယဆော့ဖ်ဝဲနည်းပညာပန်းခြံ(STPI)တွင် GF အတွက် ၁၃,၀၀၀ စတုရန်းပေခန့်ရှိသော လိုအပ်သည့်မြေနေရာကို ပေးအပ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ GF က နောက်ထပ် ၁၉,၀၀၀ စတုရန်းပေတောင်းခံထားပြီး ဝန်ကြီးချုပ်က အဆိုပါတောင်းဆိုချက်ကို စဉ်းစားပေးမည်ဟု အာမခံခဲ့ကြောင်း သိရသည်။

ယခုလ ၄ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အမေရိကန်ကောင်စစ်ဝန်တို့သည် အမေရိကန်ပြည်ထောင်စုနှင့်ပူးပေါင်း၍ တည်ဆောက်မည့် GF Kolkata Power Center အကြောင်း ဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးချုပ်က အဆိုပါစီမံကိန်းသည် ပြည်နယ်အတွက် အရေးပါသောအောင်မြင်မှုဖြစ်မည်ဖြစ်ကြောင်းနှင့် အကောင်အထည်ပေါ်လာပါက အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Source: Live Mint, Another US-based semicon co to set up project in Bengal - Times of India, June 5, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)