Singapore

စင်ကာပူနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား Carbon Credits ဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

လာအိုနိုင်ငံဝန်ကြီးချုပ်၏ စင်ကာပူနိုင်ငံသို့ တရားဝင်လာရောက်သည့် ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား Carbon Credits ပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် စင်ကာပူနိုင်ငံ၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန(Ministry for Sustainability and the Environment) ဝန်ကြီးနှင့် Minister-in-charge of Trade Relations ဖြစ်သူ Grace Fu နှင့်လာအိုနိုင်ငံ၊ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန ဝန်ကြီး Bounkham Vorachit တို့က လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံသည် ပါရီသဘောတူစာချုပ်၏အခန်း(၆)(Article 6 of the Paris Agreement)နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကာဗွန်ဈေးကွက်(Carbon Market)ဆိုင်ရာ အသိပညာများနှင့် အလေ့အကျင့်ကောင်းများဝေမျှခြင်း၊ carbon credits လွှဲပြောင်းမှုအတွက် နှစ်နိုင်ငံမူဘောင်ချမှတ်ရန် ဥပဒေအရစည်းနှောင်မှုရှိသည့် အကောင်အထည်ဖော်ရေးသဘောတူစာချုပ်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

“Carbon Credit စီမံကိန်းများသည် အလုပ်အကိုင်အသစ်များ၊ စွမ်းအင်ဖူလုံမှုတိုးတက်စေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျှော့ချခြင်း စသည့်လူမှုအသိုက်အဝန်းအတွက် အကျိုးဖြစ်ထွန်းစေရေးဆောင်ရွက်ရာတွင် ဘဏ္ဍာရေးပိုင်းဆိုင်ရာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များအရှိန်အဟုန်မြှင့်တင်ခြင်းနှင့် နိုင်ငံအလိုက်ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်စေရေး(net-zero)ရည်မှန်းချက်ကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း” ဝန်ကြီး Grace Fu က ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် Singapore Green Plan 2030 အရ လာမည့် ၁၀ နှစ်အတွင်း UN’s 2030 Sustainable Development Agenda နှင့် Paris Agreement တို့အရ စင်ကာပူနိုင်ငံ၏ကတိကဝတ်များကို ပြည့်မီစေရေး၊ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံများနှင့် Carbon Credits ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် ၎င်း၏ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မျှော်မှန်းချက်များကိုပြည့်မီစေရေး ဆောင်ရွက်ချက်များအနက်တစ်ခုဖြစ်ပါသည်။

ရင်းမြစ်။        The Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore