ဒူဘိုင်းကမ္ဘာ့ကုန်သွယ်ရေးစင်တာ အာဏာပိုင်အဖွဲ့(DWTCA)သည် DWTC ကင်းလွတ်ဇုန်ရှိ ကုမ္ပဏီများအား ရှယ်ယာအမျိုးအစားများစွာတို့ကို ထုတ်ပေးခွင့်ပြုသည့် မူဘောင်အသစ်တစ်ခုကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ပြီး အရင်းအနှီးဖွဲ့စည်းမှုနှင့် အုပ်ချုပ်မှုအပိုင်းတွင် မကြုံစဖူးပြောင်းလွယ်ပြင်လွယ်ရှိမှုကို ပေးအပ်ခဲ့ပါသည်။
ထင်ရှားသော လှုပ်ရှားမှုတစ်ခုအဖြစ် ဖော်ပြပါပြုပြင်၊ ပြောင်းလဲမှုသည် စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန်နှင့် ဆန်းသစ်တီထွင်မှုများကို ရရှိနိုင်ရန်ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ၎င်းသည် ၂၀၃၃ ခုနှစ်မတိုင်မီ ယူအေအီးနိုင်ငံ၏ စီးပွားရေးကို နှစ်ဆတိုးစေရန်နှင့် ဒူဘိုင်းအား ကမ္ဘာ့ထိပ်တန်းစီးပွားရေးမြို့ပြသုံးခုတွင် ထည့်သွင်းနိုင်ရန် ပစ်မှတ်ထားသည့် ဒူဘိုင်းစီးပွားရေးအစီအစဉ် D33 နှင့် ကိုက်ညီမှုရှိကြောင်း ဖော်ပြထားပါသည်။
စည်းမျဉ်းသစ်များအရ မှတ်ပုံတင်ထားသော ကုမ္ပဏီများသည် ယခုအခါတွင် သာမန်ရှယ်ယာများအပြင် ဦးစားပေးရှယ်ယာများ၊ တည်ထောင်သူများနှင့် ကန့်သတ်ရှယ်ယာများ စသည်တို့အပါအဝင် ရှယ်ယာအမျိုးအစားအမျိုးမျိုးတို့ကို ထုတ်ပေးနိုင်သည့်အပြင် A၊ B၊ C နှင့် D ကဲ့သို့သောအဆင့်အတန်းအလိုက် ရှယ်ယာများကိုလည်း ထုတ်ပေးနိုင်မည်ဖြစ်ပါသည်။ ၎င်းတို့ကို မဲပေးခြင်း၊ အစုရှယ်ယာခွဲဝေမှုများ၊ လွှဲပြောင်းမှုများနှင့် ပြောင်းလဲခြင်းဆိုင်ရာရွေးချယ်နိုင်မှုများနှင့် သက်ဆိုင်သည့် သီးခြားအခွင့်အရေးများနှင့် အခြေအနေများအား သတ်မှတ်ရန်အတွက် ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းမှတစ်ဆင့် စိတ်ကြိုက်ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။
DWTCA မူဘောင်တွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ရှယ်ယာရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အုပ်ချုပ်မှုဆိုင်ရာ အကာအကွယ်ပေးမှုများလည်း ပါဝင်ပါသည်။ DWTC ကင်းလွတ်ဇုန်မှ ကင်းလွတ်ဇုန်စည်းမျဉ်းထိန်းသိမ်းရေးလုပ်ငန်းများဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Abdalla Al Banna က ဤအစီအစဉ်သည် ဒေသတွင်းအရင်း အနှီးဖွဲ့စည်းမှုအတွက် စက်မှုလုပ်ငန်းစံနှုန်းအသစ်တစ်ခုကို ချမှတ်ပေးခြင်းဖြစ်ပြီး ဒူဘိုင်း၏ ဦးဆောင်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဗဟိုချက် ဖြစ်လာရန် ရည်မှန်းချက်အပေါ် ထောက်ခံမှုရှိကြောင်း ပြောကြားခဲ့ပါသည်။
ကွဲပြားသောရှယ်ယာအတန်းအစားများကို ဖွင့်ပေးခြင်းဖြင့် အဆိုပါစနစ်အသစ်သည် ကုမ္ပဏီများအား မတူညီသော စွန့်စားမှုအပေါ် စိတ်ဝင်စားမှုရှိသော ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်မည်ဖြစ်ပြီး၊ တည်ထောင်သူများ၏ ထိန်းချုပ်မှုကို ထိန်းသိမ်းပေးခြင်း၊ မိသားစုရုံးခန်းများကို ဆက်ခံမှု စီမံကိန်းရေးဆွဲရာတွင် ပံ့ပိုးပေးခြင်းနှင့် တန်းတူညီမျှမှုကို အခြေခံသော လှုံ့ဆော်မှုများမှတစ်ဆင့် အရည်အချင်းရှိသူများကို ဆုချီးမြှင့်ခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
One Za'abeel စီမံကိန်းသို့ DWTCA ၏ဥပဒေဆိုင်ရာစီရင်ပိုင်ခွင့် မကြာသေးမီက တိုးချဲ့မှုအပြီး ၎င်း၏ အခြေခံအဆောက်အအုံနှင့် စီးပွားရေးကမ်းလှမ်းမှုများကို မြှင့်တင်ပေးသည့် ကြေညာချက်ဆက်လက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ DWTC ကင်းလွတ်ဇုန်၌ လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းကဏ္ဍပေါင်း ၄၀ ကျော်တို့မှ ကုမ္ပဏီများကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံခြားပိုင်ဆိုင်မှု အပြည့်အဝ၊ ကော်ပိုရိတ်အခွန် ၀ % နှင့် ချောမွေ့သော လိုင်စင်များဖြင့် တက်ကြွသော ပတ်ဝန်းကျင်တစ်ရပ်ကို ပေးဆောင်ထားရှိပါကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)