Korea

တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် အမေရိကန်ပြည်ထောင်စုထံမှ ဝယ်ယူတင်သွင်းသည့် အမဲသားတင်သွင်းမှုဆိုင်ရာ သတ်မှတ်စည်းကမ်းကို ဖြေလျှော့ပေးဖွယ်ရှိ

Last Updated:

တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုထံမှ အမဲသားဝယ်ယူတင်သွင်းရာတွင် လ ၃၀ အောက်သက်တမ်းရှိ နွားများမှထုတ်လုပ်သည့်အမဲသားကိုသာ ဝယ်ယူတင်သွင်းခွင့်ပြုထားပါသည်။ ယင်းသို့ကန့်သတ်ထားခြင်းမှာ နွားရူးရောဂါအပေါ် ပြည်သူ လူထု၏စိုးရိမ်ပူပန်မှုလျော့ပါးစေရန် ကာကွယ်သည့်အနေဖြင့် ၂၀၀၈ ခုနှစ်ကတည်းက ချမှတ်ထားခြင်းဖြစ်ပါသည်။ သို့သော် အမေရိကန်ပြည်ထောင်စုက အပြန်အလှန်စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်ကို ၁-၈-၂၀၂၅ ရက်နေ့တွင် စတင်အကောင် အထည်ဖော်တော့မည်ဖြစ်သည့်အတွက် ယင်းနေ့မတိုင်မီတွင် အမဲသားဝယ်ယူတင်သွင်းမှုဆိုင်ရာ လက်ရှိမူဝါဒကို ဖြေလျှော့ပေးနိုင်ဖွယ်ရှိသည်ဟု လေ့လာသုံးသပ်သူများက ခန့်မှန်းကြပါသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းက အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားနိုင်ငံသမ္မတထံသို့လိပ်မူ၍ စည်းကြပ်ခွန်ဆိုင်ရာ အကြောင်းကြားစာကို ပေးပို့လာခဲ့ပါသည်။ အဆိုပါအကြောင်းကြားစာတွင် တောင်ကိုရီးယားနိုင်ငံ၏အကောက်ခွန်နှုန်းထားများ၊ အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများနှင့် အကောက်ခွန်မဟုတ်သောအတားအဆီးများကို ပြင်ဆင်စေလိုပါကြောင်း၊ သို့မှသာ နှစ်နိုင်ငံအကြားရှိနေသည့် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် တိုးတက်မှုများရှိလာမည်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စုထံမှ အမဲသားဝယ်ယူတင်သွင်းမှုအတွက် ချမှတ်ထားသည့်လက်ရှိမူဝါဒကို အကောက်ခွန်မဟုတ်သောအတားအဆီး(Non-Tariff Barriers)အဖြစ်သတ်မှတ်ကာ အမဲသားထုတ်လုပ်သည့် နွားများ၏အသက်ကန့်သတ်ထားမှုကို ဖြေလျှော့ပေးရန် အမေရိကန်ပြည်ထောင်စုက စဉ်ဆက်မပြတ်တောင်းဆိုလာခဲ့သော်လည်း တောင်ကိုရီးယားနိုင်ငံအစိုးရက ယနေ့အထိ ဖြေလျှော့ပေးခြင်းမရှိခဲ့ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံသည် ဆန်တင်သွင်းမှုပြုရာတွင်လည်း ကန့်သတ်ချက်များစွာ သတ်မှတ်ပြဌာန်းထားသည့်အပြင် နိုင်ငံ၏အရည်အသွေးမြင့်/ကြည်လင် ပြတ်သားသည့် မြေပုံအချက်အလက်များတင်ပို့မှုကိုလည်း ကန့်သတ်ထားပါကြောင်း၊ ယင်းသို့ကန့်သတ်မှုများသည် အမေရိကန်ပြည်ထောင်စုမှ တင်ပို့သူများအတွက် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးကိုဖြစ်စေသည့်အပြင် ကုန်ကျစရိတ်ကိုလည်းပိုမိုစေပါကြောင်း အမေရိကန်ပြည်ထောင်စုဘက်မှ ဝေဖန်ပြောကြားထားပါသည်။  

တောင်ကိုရီးယားနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး Mr. Yeo Han-koo က ကုန်သွယ်ရေးမူဝါဒများနှင့် စည်းကြပ်ခွန်ဆိုင်ရာကိစ္စရပ်များဆွေးနွေးရန် ၅-၇-၂၀၂၅ ရက်နေ့တွင် ဝါရှင်တန်သို့သွားရောက်ခဲ့ပြီးအပြန် ၁၄-၇-၂၀၂၅ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် “မိမိတို့နိုင်ငံအနေဖြင့် ကာကွယ်ပေးရမည့်နယ်ပယ်များရှိသကဲ့သို့ ပြောင်းလွယ်ပြင်လွယ်လုပ်ပေးနိုင်မည့် နယ်ပယ်များလည်းရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာပြဿနာများအတွက် မဟာဗျူဟာကျသည့် ဆုံးဖြတ် ချက်လိုပါကြောင်း၊ ထိလွယ်ရှလွယ်ဖြစ်သည့်ကဏ္ဍများကို ကာကွယ်ရမည်ဖြစ်သော်လည်း ဝါရှင်တန်နှင့်ညှိနှိုင်းရာတွင် ပိုမိုကျယ်ပြန့်သည့်မူဘောင်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး Mr. Yeo Han-koo က လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဖြေလျှော့မှုများကို ထည့်သွင်းဆွေးနွေးနိုင်ကြောင်းပြောကြားခဲ့သည့်အပြင် နိုင်ငံအနေ ဖြင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာကန့်သတ်ထားမှုများအတွက် မဟာဗျူဟာကျကျဆုံးဖြတ်ရွေးချယ်ရမည့်အချိန် ကျရောက်ပြီဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။  

အမဲသားကိစ္စတွင် ပြည်တွင်းမွေးမြူရေးသမားများက ၎င်းတို့၏ဈေးကွက်ပျက်နိုင်သည့် အခြေအနေအပေါ် သတိပေးမှုများရှိနေသည့်အပြင် Hanwoo ဟုအမည်ရှိသည့် အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုကလည်း “ဖြေလျှော့ပေးမည်ဆိုပါက ပြည်တွင်း မွေးမြူရေးသမားများအပေါ် သစ္စာဖောက်ခြင်းဖြစ်သည်” ဟု ဝေဖန်ပြောကြားလျက်ရှိပါသည်။

၂၀၂၄ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ အမဲသားတင်သွင်းမှုတန်ချိန်စုစုပေါင်း ၄၆၁,၀၂၇ အနက် တန်ချိန်ထက်ဝက်နီးပါး (၂၂၁,၆၂၉ တန်)ကို အမေရိကန်ပြည်ထောင်စုထံမှ ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ လာမည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုထံမှ ဝယ်ယူတင်သွင်းမည့်အမဲသားအပေါ် အခွန်သုညရာခိုင်နှုန်းသာကောက်ခံရမည်ဖြစ်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေ ဖြင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းပိုမိုအားနည်းကာ ဈေးကွက်ဝေစုလျော့ကျနိုင်သည်ဟု Hanwoo အသင်းအဖွဲ့မှ ဝေဖန်မှုများရှိနေသည့် အတွက် အစိုးရအနေဖြင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ရေးတွင် ဖိအားများစွာရှိနေပါကြောင်း အမည်မဖော်လိုသည့်အစိုးရအရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။

Source: Korea Herald (https://m.koreaherald.com/article/10532047)

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea