ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားကုန်သွယ်မှုအေဂျင်စီသည် ဗီယက်နမ်၏ ပို့ကုန်တိုးတက်အောင်မြင်မှုအတွက် အရေးပါသောပံ့ပိုးကူညီမှုများဆောင်ရွက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များကို ဂုဏ်ပြုပွဲများဆက်တိုက်ပြုလုပ်ခဲ့ပြီး ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များ၏ ထင်သာမြင်သာရှိမှုကိုမြှင့်တင်ရန်နှင့် ဗီယက်နမ်ပို့ကုန်များအတွက် အခွင့်အလမ်းများမြှင့်တင်ရန်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး H.E Nguyen Hồng Diên က အဖွင့်အမှာစကားပြောကြားရာတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းများ၏အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုပြီး ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် ဆက်လက်အောင်မြင်စေရန် ၎င်းတို့၏ ထုတ်လုပ်မှုနှင့် လုပ်ငန်းများတွင် ဆန်းသစ်တီထွင်မှုရှိစေရန်တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံ့ဂုဏ်ကိုဆက်လက်ထိန်းသိမ်းထားရန်နှင့် ကမ္ဘာ့ကုန်သွယ်မှုတွင် ဗီယက်နမ်နိုင်ငံ၏ရပ်တည်ချက်ကို ခိုင်မာစေရန်အတွက် ရေရှည်တည်တံ့သော ကာလလတ်နှင့် ရေရှည်တိုးတက်မှုသေချာစေရန်အတွက် ပို့ကုန်ဈေးကွက်များကို ထိရောက်စွာနှင့် ကွဲပြားအောင်ဆောင်ရွက်ရန် ၎င်းက အလေးပေးပြောကြားခဲ့သည်။
ထို့အပြင် ထုတ်လုပ်မှု၊ စီးပွားရေးနှင့် ပို့ကုန်များဖွံ့ဖြိုးတိုးတက်ရန် အဆင်သင့်ရှိသောအခြေအနေများ ဖန်တီးပေးနိုင်ရန် စီးပွားရေးအသင်းအဖွဲ့များ၊ လုပ်ငန်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးက ညွှန်ကြားခဲ့သည်။
စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး(MoIT)မှ ဗီယက်နမ်၏ နှစ်စဉ်ပို့ကုန်သွင်းကုန်အစီရင်ခံစာကို ထုတ်ဝေခဲ့ပြီး အဆိုပါထုတ်ဝေမှုတွင် ကုန်စည်အုပ်စုနှင့်စျေးကွက်ခွဲခြမ်းစိတ်ဖြာမှု၊ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များ(FTAs)အသုံးချမှုနှင့် ကုန်သွယ်မှုစီမံခန့်ခွဲမှုတွင် ကြိုးပမ်းအားထုတ်မှုများအပါအဝင် နိုင်ငံ၏ ကုန်သွယ်မှုစွမ်းဆောင်ရည်များပါဝင်ကြောင်း ဖော်ပြထားပါသည်။
အစီရင်ခံစာတွင်ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ သွင်းကုန်ပို့ကုန်ကဏ္ဍသည် ပိုမိုကောင်းမွန်သော မက်ခရိုစီးပွားရေးပတ်ဝန်းကျင်၊ အစိုးရ၊ ဝန်ကြီးဌာနများနှင့် ကဏ္ဍများ၏ ကြိုးပမ်းအားထုတ်မှုများနှင့် စီးပွားရေးအသိုင်းအဝိုင်း၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကြောင့် အားကောင်းလာခဲ့ကြောင်းဖော်ပြထားပါသည်။
ကုန်သွယ်မှုတန်ဖိုးစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၇၈၆.၉ ဘီလီယံရှိပြီး ၂၀၂၃ ခုနှစ်ထက် ၁၅.၅ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း၊ ပို့ကုန်မှာ ၄၀၅.၉ ဘီလီယံရှိလာပြီး သွင်းကုန်မှာ ၃၈၁ ဘီလီယံမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။
Source: Viet Nam News
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)