Singapore

တိရစ္ဆာန်အရှင်ပြန်လည်တင်ပို့ခြင်း (Re-export of Live Animals) အပေါ် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများ တင်းကြပ်လိုက်သည့် စင်ကာပူနိုင်ငံ

Last Updated:

စင်ကာပူနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ တိရစ္ဆာန်အရှင် ပြန်လည်တင်ပို့ခြင်း(Re-export of Live Animals)အပေါ် စည်းမျဉ်းများတင်းကြပ်မည်ဖြစ်ပြီး ကုန်သည်များ အနေဖြင့် တိရစ္ဆာန်အရှင်၏ ပင်ရင်းနိုင်ငံက ထုတ်ပေးသည့် ကျန်းမာရေးထောက်ခံချက်(Health Certificate)ကို တင်ပြရန် လိုအပ်မည်ဖြစ်ပါသည်။ အဆိုပါကျန်းမာရေးထောက်ခံချက်သည် စင်ကာပူ နိုင်ငံကထုတ်ပေးသည့် ပို့ကုန်ကျန်းမာရေးလက်မှတ်(Export Health Certificate)အတွက် လိုအပ်ပါသည်။

ကျန်းမာရေးထောက်ခံချက်တွင် ပြန်လည်တင်ပို့မည့် တိရစ္ဆာန်အရှင်၏ ကျန်းမာရေးအခြေအနေ၊ ရောဂါအခြေအနေများကို ဖော်ပြရမည်ဖြစ်ကြောင်း စင်ကာပူအစားအသောက်အေဂျင်စီ (Singapore Food Agency) က ထုတ်ပြန်ထားပါသည်။ စည်းမျဉ်းအရ ငှက်အရှင်၊ နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ကုန်းနေရေနေသတ္တဝါ သို့မဟုတ် ငါးနှင့် ၎င်းတို့၏ သားပေါက်များ၊ ဥများ အကျုံးဝင်ပါသည်။

တိရစ္ဆာန်အရှင်၏ ပင်ရင်းနိုင်ငံက ထုတ်ပေးသည့် ကျန်းမာရေးထောက်ခံချက်တင်ပြစေခြင်းမှာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ပို့ကုန်လက်မှတ်ထုတ်ပေးသည့်စနစ်ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ တိရစ္ဆာန်အရှင်များကို တင်ပို့လိုသည့်နိုင်ငံ/ဒေသသို့ ပြန်လည်တင်ပို့ခြင်းအတွက် စင်ကာပူအစားအသောက်အေဂျင်စီက ထုတ်ပေးသည့် ပို့ကုန်ကျန်းမာရေးလက်မှတ်လိုအပ်မည်ဖြစ်ပြီး ကုန်သည်များအနေဖြင့် တိရစ္ဆာန်အရှင်၏ ပင်ရင်းနိုင်ငံက ထုတ်ပေးသည့် ကျန်းမာရေးထောက်ခံချက် တင်ပြရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါသတ်မှတ်ချက်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အသက်ဝင်မည်ဖြစ်ပါသည်။ စင်ကာပူအစားအသောက်အေဂျင်စီက ထုတ်ပြန်ထားသည့်စာတွင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်တင်ပို့သည့် ပို့ကုန်သည် တင်ပို့မည့်နိုင်ငံ/ဒေသ၏ စံသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးအတွက် စနစ်တစ်ခုထားရှိရန် အသိပေးထားပါသည်။

ကျောက်ပုစွန်သားလောင်းများကို စင်ကာပူနိုင်ငံသို့ တရားမဝင်တင်ပို့လျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် အစီရင်ခံစာထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါသတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ကျောက်ပုစွန်သားလောင်းများကို ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံတို့သို့ အများအပြားတင်ပို့ကြပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် စီးပွားရေးလုပ်ငန်းများ၏ ချစားမှုနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးတို့အပေါ် စိုးရိမ်မှုတို့ကြောင့် ၂၀၂၁ ခုနှစ်မှစတင်၍ ကျောက်ပုစွန်သားလောင်းများတင်ပို့ခြင်းကို တားမြစ်ခဲ့ပါသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက ကျောက်ပုစွန်သားလောင်းများ တရားမဝင်မှောင်ခိုတင်ပို့မည့်ဖြစ်စဉ်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့ရှိ အကောက်ခွန်အရာရှိက စင်ကာပူနိုင်ငံသို့ တရားမဝင်မှောင်ခိုတင်ပို့မည့် ကျောက်ပုစွန်သားလောင်း ၅၀,၀၀၀ ကို ဖမ်းဆီးခဲ့ပါသည်။ သတင်းများအရ အဆိုပါတင်ပို့မှုတန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် စင်ကာပူဒေါ်လာ ၄၉၀,၀၀၀ ခန့်ရှိကြောင်း သိရှိရပါ သည်။

ကျောက်ပုစွန်သားလောင်းများကို နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုသည် စင်ကာပူနိုင်ငံ၏ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာဥပဒေများကို ချိုးဖောက်ခြင်းမဟုတ်ကြောင်း၊ သို့ရာတွင် စင်ကာပူနိုင်ငံအနေ ဖြင့် ၎င်း၏ပြည်တွင်းဥပဒေများ၊အပြည်ပြည်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ရေရှည်တည်တံ့သည့် ငါးဖမ်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံကြောင်း စင်ကာပူအစားအသောက်အေဂျင်စီက The Straits Times ကို ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်သည့်ဆောင်ရွက်မှုများအပေါ် စင်ကာပူနိုင်ငံအနေဖြင့် တင်းကြပ်သည့်ချဉ်းကပ်မှုကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြန်လည်တင်ပို့သည့်ပို့ကုန်များအတွက် လုံခြုံမှုနှင့် ခြေရာခံနိုင်မှု ရှိစေမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        The Straits Times

                   Singapore Food Agency

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore