India (Delhi)

အိန္ဒိယနိုင်ငံသည် ဩဂုတ်လတွင် အခြောက်သွေ့ဆုံးလအဖြစ် ကြုံတွေ့ခဲ့ရပြီးနောက် မဟာရက်ရှ်ထရာပြည်နယ်တွင် သကြားထွက်ရှိမှုသည် ၄ နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားနိုင်

Last Updated:

ရာစုနှစ်တစ်ခုကျော်အတွင်း ၂၀၂၃ ခုနှစ် သြဂုတ်လသည် အိန္ဒိယနိုင်ငံ၏ အခြောက်သွေ့ဆုံးလအဖြစ် ကြုံတွေ့ခဲ့ရပြီးနောက် အိန္ဒိယနိုင်ငံ၏သကြားအဓိကထွက်ရှိသည့် မဟာရက်ရှ်ထရာပြည်နယ်တွင် ကြံအထွက်နှုန်းနည်းခြင်းကြောင့် သကြားထုတ်လုပ်မှုသည် ၂၀၂၃-၂၀၂၄ သီးနှံနှစ်တွင် ၁၄ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိသည်ဟု အစိုးရတာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

သကြားအထွက်နှုန်းလျော့နည်းခြင်းသည် စားနပ်ရိက္ခာဈေးနှုန်းကိုမြင့်တက်လာစေနိုင်သည့်အတွက် သကြားတင်ပို့မှုကို အစိုးရက ကန့်သတ်ခြင်းများ ဆောင်ရွက်လာနိုင်ကြောင်းနှင့် ဆယ်စုနှစ် တစ်ခုကျော်အတွင်း အမြင့်ဆုံးနီးပါးရောက်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း သိရသည်။

သို့သော် ပြည်တွင်းစျေးနှုန်းများမြင့်မားခြင်းသည် သကြားထုတ်လုပ်သူများဖြစ်သည့် Balrampur Chini၊ Dwarikesh Sugar ၊ Shree Renuka Sugars နှင့် Dalmia Bharat Sugar တို့အတွက် အမြတ်အစွန်းပိုမိုရရှိစေမည်ဖြစ်ပြီး လယ်သမားများထံ အချိန်မီငွေပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ၏သကြားထုတ်လုပ်မှု၏ သုံးပုံတစ်ပုံကျော်ထွက်ရှိသည့် မဟာရက်ရှ်ထရာပြည်နယ်သည် ၂၀၂၂-၂၀၂၃ သီးနှံရာသီတွင် တန်ချိန် ၁၀.၅ သန်းထွက်ရှိခဲ့ရာမှ ၂၀၂၃-၂၀၂၄ ရာသီတွင် တန်ချိန် ၉ သန်းသာထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊အရေးကြီးသည့်ကြီးထွားမှုအဆင့်တွင် ကြံသီးနှံသည် မိုးရေချိန်အလုံအလောက်မရရှိခဲ့သည့်အတွက် ခရိုင်အားလုံးနီးပါးမှာ သီးနှံအထွက်နှုန်းနည်းနေကြောင်း အနောက်အိန္ဒိယသကြားစက်များအသင်းဥက္ကဋ္ဌ B.B. Thombare က ပြောကြားထားသည်။

အရှိန်အဟုန်ဖြင့်ထုတ်လုပ်နိုင်မှုကြောင့်  ကမ္ဘာ့သကြားဈေးကွက်ကို မကြာခဏအံ့အားသင့်စေသည့် မဟာရက်ရှ်ထရာပြည်နယ်သည် သြဂုတ်လအတွင်း ပုံမှန်ထက်မိုးရေချိန် ၅၉ ရာခိုင်နှုန်းလျော့နည်းခဲ့သည်။ မဟာရက်ရှ်ထရာပြည်နယ်၏ သကြားကော်မရှင်နာ Chandrakant Pulkundwar ကလည်း ခြောက်သွေ့မှုနှင့် အပူချိန်မြင့်မားမှုကြောင့် ယခုနှစ်တွင် ကြံအထွက်နှုန်းလျော့နည်းမည်ဖြစ်ကြောင်း၊ ခြောက်သွေ့မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုကိုသက်သာစေရန်အတွက် ကြံသီးနှံသည် စက်တင်ဘာလတွင် မိုးရွာသွန်းမှုအလွန်အမင်းလိုအပ်နေကြောင်း ပြန်လည်သုံးသပ်ရေးအစည်းအဝေးတစ်ခုတွင် သကြားစက်များမှ ကိုယ်စားလှယ်များထံ အသိပေးပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ရာစုနှစ်တစ်ခုကျော်အတွင်း အခြောက်သွေ့ဆုံးသြဂုတ်လအား ကြုံတွေ့ခဲ့ရပြီးနောက် စက်တင်ဘာလတွင် ပျမ်းမျှမိုးရေချိန်ရရှိဖွယ်ရှိကြောင်း အစိုးရပိုင်မိုးလေဝသဌာနက ခန့်မှန်း ထားသည်။

မဟာရက်ရှ်ထရာပြည်နယ်၏ သကြားထွက်ရှိမှုသည် အိန္ဒိယနိုင်ငံ၏ ပို့ကုန်စွမ်းရည်အတွက် အရေးပါပြီး လာမည့်ရာသီအတွက် ပြည်ပသို့ တင်ပို့မှုအလားအလာကို စိတ်ပျက်ဖွယ်ဖြစ်စေသည်ဟု မွန်ဘိုင်းအခြေစိုက် အမည်မဖော်လိုသူကုန်သည်တစ်ဦးက ပြောကြားသည်။

၂၀၂၁-၂၀၂၂ ရာသီချိန်တွင် မဟာရက်ရှ်ထရာပြည်နယ်သည် သကြားတန်ချိန် ၁၃.၇ သန်း စံချိန်တင်ထုတ်လုပ်ခဲ့ပြီး အိန္ဒိယအစိုးရသည် သကြားတန်ချိန် ၁၁.၂ သန်းစံချိန်တင်တင်ပို့‌ဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၂၂-၂၀၂၃ သီးနှံရာသီတွင် သကြားအထွက်နှုန်းသည် ၁၀.၅ သန်းအထိကျဆင်းသွားသောကြောင့် အိန္ဒိယသည် ပို့ကုန်တန်ချိန်အား ၆.၁ သန်းသို့ လျှော့ချခဲ့သည်။

အိန္ဒိယအစိုးရသည် ရာသီချိန်စတင်သည့်အောက်တိုဘာလမှစတင်ကာ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သကြားတင်ပို့ခြင်းကို  ပိတ်ပင်ရန်ဆောင်ရွက်လာနိုင်ကြောင်း အစိုးရသတင်းရင်းမြစ်သုံးခုက ပြီးခဲ့သည့်လက Reuters သို့ ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားသည်။

ယခုအချိန်တွင် အယ်နီညိုရာသီဉတု၏သက်ရောက်မှုကြောင့် နိုင်ငံအများစု၏ စိုက်ပျိုးရေးထွက်ကုန်များ ထွက်ရှိမှုကျဆင်းလာနိုင်ကြောင်း ခန့်မှန်းလျက်ရှိကြပြီး နိုင်ငံအများစုသည် စားသောက် ကုန်စည်များကို ဝယ်ယူစုဆောင်းသိုလှောင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ထို့အတူ အိန္ဒိယနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးနှင့်ကုန်ဈေးနှုန်းကြီးမြင့်မှုအား ထိန်းချုပ်နိုင်ရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဂျုံတင်ပို့မှုများကို ကန့်သတ်ထားသကဲ့သို့ ယခုအခါတွင် သကြားကိုလည်း ကန့်သတ်ဆောင်ရွက်နိုင်ကြောင်း အများစုက သုံးသပ်လျက်ရှိပါသည်။ ယခုအခါ မြန်မာနိုင်ငံမှ သကြားကို ဗီယက်နမ်နိုင်ငံမှ ဝယ်ယူတင်သွင်းရန် ကမ်းလှမ်းမှုများရှိသကဲ့သို့ အိန္ဒိယနိုင်ငံမှ ကုမ္ပဏီတစ်ချို့ကလည်း ပြည်တွင်းလုပ်ထုံးလုပ်နည်းများအရ တင်ပို့ရန် အခက်အခဲများရှိသဖြင့် မြန်မာနိုင်ငံမှတစ်ဆင့်ဝယ်ယူတင်ပို့ရန် စုံစမ်းမှုများရှိလာသည်ကို တွေ့ရှိရသဖြင့် သကြားတင်ပို့မှု၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လိုအပ်သည့်မူဝါဒများ ချမှတ်ဆောင်ရွက်သင့်ပါ‌ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

Source: Maharashtra sugar output set to fall to lowest in 4yrs after dry August, The Economic Times, September 13, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)