India (Delhi)

အိန္ဒိယသည် ဂျုံသိုလှောင်မှုဆိုင်ရာ ကန့်သတ်ချက်များကို တင်းကျပ်ထားသော်လည်း သွင်းကုန်အခွန် လျှော့ချရန်အစီအစဉ်မရှိ

Last Updated:

အိန္ဒိယအစိုးရအနေဖြင့် ကုန်သည်များ၊ ဂျုံစက်လုပ်ငန်းရှင်များ၏  ဂျုံသိုလှောင်ထားရှိနိုင်မှုကန့်သတ်ချက်ပမာဏကို ပိုမိုလျှော့ချမည်ဖြစ်ကြောင်း၊ ဂျုံအပေါ်ကောက်ခံသည့်တင်သွင်းခွန်ကို ချက်ချင်း ဖျက်သိမ်းရန် အစီအစဉ်မရှိကြောင်းနှင့် ပြည်တွင်းသုံးစွဲရန်အတွက် အလုံအလောက်ရှိကြောင်း ထိပ်တန်းအစိုးရအရာရှိတစ်ဦးက ပြောကြားထားသည်ဟု Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကုန်သည်များ၊ လက်ကားရောင်းချသူများနှင့် လက်လီအရောင်းဆိုင်ကြီးများအား ယခင်က ဂျုံတန်ချိန် ၃,၀၀၀ ထိ သို့လှောင်ခွင့်အား ခွင့်ပြုထားရာမှ ယခုအခါတန်ချိန် ၂,၀၀၀ ကိုသာ သိုလှောင်ခွင့် ပြုမည်ဖြစ်ကြောင်းနှင့် လာမည့်ပွဲတော်ရာသီအတွင်း ဈေးနှုန်းများကို ထိန်းချုပ်ရန်လိုအပ်ပါက အရန်သိုလှောင်ထားသည့် ဂျုံများကို ဈေးကွက်အတွင်းသို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ၊ အစားအသောက်နှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Sanjeev Chopra က ပြောကြားထားကြောင်း သိရသည်။

ထို့အပြင် Sanjeev Chopra က နိုင်ငံအတွင်း ဂျုံ၊ ဆန်နှင့် သကြားအလုံအလောက်ရှိသော်လည်း ထောက်ပံ့ရေးနှင့်ပတ်သက်သည့် ကောလာဟလများကို အခွင့်အရေးယူရန်ကြိုးစားနေသည့် မသမာသူတစ်ချို့ရှိကြောင်း ပြောကြားထားသည်။

အိန္ဒိယသည် ယမန်နှစ်က ဂျုံအထွက်နှုန်းကျဆင်းပြီးနောက် တင်ပို့မှုကိုပိတ်ပင်ခဲ့ပြီး ယခုနှစ်တွင် ဘာစမာတီမဟုတ်သော ဆန်ဖြူများကို ပိတ်ပင်ခဲ့သည်။ အိန္ဒိယအစိုးရသည် ယခုနှစ်တွင် သကြား တင်ပို့မှုကို ကန့်သတ်ထားသောကြောင့် သကြားစက်များသည် လာမည့်အောက်တိုဘာလတွင် စတင်သည့်ရာသီချိန်တွင် သကြားတင်ပို့မှုကို ခွင့်ပြုနိုင်မည့်အခြေအနေ မရှိကြောင်းလည်းသိရသည်။

မကြာသေးမီကချမှတ်ခဲ့သည့် ပို့ကုန်ကန့်သတ်ချက်များကြောင့် အိန္ဒိယသည် ဆန်၊ ဂျုံနှင့် သကြား စသည့်အခြေခံကုန်စည်များ လုံလုံလောက်လောက်ရှိသည်မှာသေချာကြောင်း၊ အစိုးရအနေဖြင့် ပွဲတော်ကာလများအတွင်း ဆန်၊ ဂျုံနှင့် သကြားဝယ်လိုအားအတွက် လုံလောက်မှုရှိစေရန် ပြင်ဆင်ထားကြောင်း Chopra မှ ပြောကြားခဲ့သည်။

ထို့အပြင် ဩဂုတ်လတွင် နိုင်ငံ၏သကြားသိုလှောင်မှုမှာ တန်ချိန် ၈.၅ သန်းရှိပြီး သီးနှံအသစ်မပေါ်မီ သုံးလခွဲကျော်အတွက် လိုအပ်ချက်ကိုဖြည့်ဆည်းရန် လုံလောက်မှုရှိကြောင်း၊ သြဂုတ်လတွင် မိုးရွာသွန်းမှုမလုံလောက်မှုကြောင့် ကြံသီးနှံအတွက် စိုးရိမ်မှုအချို့ရှိခဲ့သော်လည်း အိန္ဒိယ၏ကြံစိုက်ပျိုးမှု ထိပ်တန်းပြည်နယ်များဖြစ်သည့် မဟာရက်ရှ်ထာရာနှင့် ကာနာတာကာပြည်နယ်တို့တွင် စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုများကြောင့် သီးနှံကိုအထောက်အကူဖြစ်စေကြောင်း Chopra မှ ပြောကြားထားသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် သကြား၊ ဂျုံနှင့် ဆန်ဒုတိယအများဆုံးထုတ်လုပ်သူဖြစ်ပြီး ဂျုံစျေးနှုန်းများသည် ခုနစ်လအတွင်း အမြင့်ဆုံးအဆင့်အနီးတွင် အရောင်းအဝယ်ဖြစ်နေပြီး ကြာသပတေးနေ့တွင် သကြားဈေးသည် ခြောက်နှစ်အတွင်း အမြင့်ဆုံးသို့မြင့်တက်ခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားသဖြင့် အိန္ဒိယနိုင်ငံ၏ ဂျုံဈေးနှုန်းထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: India tighents wheat stocks limits, no plan to axe import tax, The Economic Times, September 15, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

 

Category: India (Delhi)