India (Delhi)

အိန္ဒိယအစိုးရသည် စိုက်ပျိုးရေးကဏ္ဍအတွက် ယုံကြည်စိတ်ချရမှုရှိသော အချက်အလက်များကို ပံ့ပိုးပေးနိုင်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ စာရင်းအချက်အလက်များ တစ်နေရာတည်းတွင် စုစည်းထားသည့် အချက်အလက်ဘဏ္ဍာတိုက်ကို လွှင့်တင်

Last Updated:

အိန္ဒိယအစိုးရသည် စိုက်ပျိုးရေးကဏ္ဍအတွက် ယုံကြည်စိတ်ချရမှုရှိသော အချက်အလက်များကို ပံ့ပိုးပေးနိုင်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာစာရင်းအချက်အလက်များ တစ်နေရာတည်းတွင် စုစည်း ထားသည့် အချက်အလက်ဘဏ္ဍာတိုက်(Unified portal for agri-statisticsUPAg)ကို သောကြာနေ့က လွှင့်တင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးအတွက် အများပြည်သူဆိုင်ရာဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားသည်။

အထက်ပါစိုက်ပျိုးရေးစာရင်းအချက်အလက်ဘဏ္ဍာတိုက်သည်သည် မူဝါဒချမှတ်သူများ၊ သုတေသနပြုသူများနှင့် သက်ဆိုင်သူများအား အထောက်အထားပြည့်ပြည့်စုံစုံဖြင့် ဆုံးဖြတ်ချက်များချမှတ် ရာတွင်  စံနှုန်းများနှင့်ကိုက်ညီပြီး ယုံကြည်စိတ်ချရသည့်  အချက်အလက်များပံ့ပိုးပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

UPAg ကို လွှင့်တင်ပြီးနောက် အစိုးရ၏မူဝါဒပိုင်းဆိုင်ရာ လေ့လာသုံးသပ်ရေးအဖွဲ့(Niti Aayog)၏ အဖွဲ့ဝင်ဖြစ်သူ  Ramesh Chand က အိန္ဒိယ၏ စိုက်ပျိုးရေးနယ်ပယ်တွင် အချက်အလက်စီမံခန့်ခွဲမှုကို ချောမွေ့စေရန်နှင့် မြှင့်တင်ရန်ဒီဇိုင်းထုတ်ထားသည့် ဤဆန်းသစ်သောနည်းလမ်းသည် ပိုမိုထိရောက်ပြီး တုံ့ပြန်မှုရှိသော စိုက်ပျိုးရေးမူဘောင်များချမှတ်နိုင်ရန်အတွက် အလွန်အရေးကြီးသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ အချက်အလက်များသည် ဘက်လိုက်မှုကင်းပြီး သမာသမတ်ကျမှုမြင့်မားပါက အချက်အလက်များကို ဘာသာပြန်ဆိုရာတွင် တိကျသေချာစွာနှင့် ပွင့်လင်းမြင်သာမှုရှိသည့်အတွက် အချက်အလက်စုံလင်စွာဖြင့် ဆုံးဖြတ်ချက်ချမှတ်နိုင်မည်ဖြစ်သဖြင့် မူဝါဒဆိုင်ရာချမှတ်မှုများကို လွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

စိုက်ပျိုးရေးအတွင်းဝန်ဖြစ်သူ Manoj Ahuja က UPAg Portal သည် သုံးစွဲသူများအား ယုံကြည်စိတ်ချရပြီး ဘက်လိုက်မှုမရှိသည့် အသေးစိတ်အချက်အလက်များကို ရယူနိုင်မည်ဖြစ်သကဲ့သို့ သုတေသနပိုင်းဆိုင်ရာကုန်ကျစရိတ် လျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်း၊ UPAg တွင် အချက်အလက်များကို စနစ်တကျပြုစုထားရှိခြင်း၊ အချက်အလက်များခွဲခြမ်းစိတ်ဖြာခြင်း၊ အသေးစိတ်ကုန် ထုတ်လုပ်မှုအခြေအနေခန့်မှန်းခြင်းနှင့် ကုန်စည်အမျိုးအစားအလိုက် အစီရင်ခံစာကဲ့သို့သော အဓိကအင်္ဂါရပ်များပါရှိကြောင်း သိရှိရသည်။

UPAg သည် အရင်းအမြစ်များစွာမှ အချက်အလက်များကို စုစည်းရန်လိုအပ်မှုကို ဖယ်ရှားပေးပြီး ဈေးနှုန်း၊ ထုတ်လုပ်မှု၊ စိုက်ပျိုးဧက၊ အထွက်နှုန်းနှင့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များကို တစ်နေရာတည်းတွင် ဝင်ရောက်ကြည့်ရှုနိုင်စေရန်ဆောင်ရွက်ထားကြောင်း၊ ၎င်းသည် ကုန်ထုတ်လုပ်မှုအလားအလာများ၊ ကုန်သွယ်မှုနှင့်ဆက်စပ်မှုများနှင့် စားသုံးမှုအလားအလာကဲ့သို့သော နောက်ဆုံးအခြေအနေများ စသည့်ထိရောက်သည့် သုံးသပ်ချက်များကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် မူဝါဒချမှတ်သူများအား သတင်းအချက်အလက်စုံလင်စွာဖြင့် ဆုံးဖြတ်ချက်များချရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရှိရသည်။

UPAg သည် ကုန်ထုတ်လုပ်မှုခန့်မှန်းချက်များကို အကြိမ်များစွာထုတ်ပေးနိုင်မည်ဖြစ်ပြီး အစိုးရ၏ စိုက်ပျိုးရေးဆိုင်ရာကြုံတွေ့ရသည့် အကျပ်အတည်းများကို လျင်မြန်စွာတုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ၎င်းသည် အခက်အခဲပြဿနာဖြေရှင်းနည်းများကိုအသုံးပြု၍ ကုန်စည်ကဏ္ဍအလိုက် အစီရင်ခံစာများကို ထုတ်လုပ်ပေးမည်ဖြစ်သဖြင့် ဘက်လိုက်သည့် သုံးသပ်ချက်များနည်းပါးပြီး သုံးစွဲသူများအား ပြည့်စုံသောအကြံပြုချက်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် အသုံးပြုသူများသည် ၎င်းတို့၏ကိုယ်ပိုင်အစီရင်ခံစာများကို ပြင်ဆင်ခြင်း၊ အချက် အလက်အခြေခံသည့် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို မြှင့်တင်ရန်အတွက် ယခုစာရင်းအင်းအချက်အလက်ဘဏ္ဍာတိုက်ရှိ အချက်အလက်များကို  လိုအပ်သလိုအသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာန၏အဆိုအရ ယခုအစီအစဉ်သည် အိန္ဒိယနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍအတွက် ပွင့်လင်းမြင်သာမှု၊ ခေတ်မီစနစ်ကျမှုတို့ကို ဆောင်ကြဉ်းပေးသည့် e-governance ၏အခြေခံမူများနှင့် ကိုက်ညီမှုရှိကြောင်းလည်း ‌ဖော်ပြထားပါသည်။

စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များကို တစ်နေရာတည်းတွင် စုစည်းဖော်ပြခြင်း မူဝါဒချမှတ်ဆောင်ရွက်သူများအတွက်သာမက စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားများအတွက်လည်း လက်ရှိ စိုက်ပျိုးနိုင်မှု၊ ကုန်စည်ထွက်ရှိနိုင်မှုအလားအလာ၊ ဈေးကွက်အခြေအနေဆိုင်ရာ အချက်အလက်များကို ပွင့်လင်းမြင်သာမှုရှိစွာ ရရှိနိုင်မည်ဖြစ်သဖြင့်  အလွန်အကျိုးရှိသည့် လုပ်ဆောင်ချက်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သောလယ်ယာစိုက်ပျိုးရေးဆိုင်ရာသတင်းအချက်အလက်ဘဏ္ဍာတိုက်ကို လွှင့်တင်၍ တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးရေးသွင်းအားစုများနှင့် ကုန်သည်လုပ်ငန်းရှင်များကပါ သတင်းအချက်အလက်များကို အလွယ်တကူရယူဆောင်ရွက်နိုင်ရန်  ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

Source: Govt launches unified portal for agri-statistics to provide credible data on agri sector, The Economic Times, September 15, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)