Germany

၂၀၂၆ ခုနှစ်တွင် ဂျာမန်စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ရ

Last Updated:

မြူးနစ်မြို့အခြေစိုက် Ifo Institute အနေဖြင့် ၂၀၂၆ ခုနှစ်အတွက် ဂျာမနီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို တိုးမြှင့်၍ ခန့်မှန်းခဲ့ကြောင်းသိရှိရပါသည်။ ဂျာမနီ၏ဂျီဒီပီကို ၁.၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခန့်မှန်းခဲ့ရာ မူလက ခန့်မှန်းထားခဲ့သော ၀.၈ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက နှစ်ဆနီးပါးခန့် တိုးလာနိုင်ဖွယ်ရှိကြောင်း မျှော်လင့်ရပါသည်။

အစိုးရသစ်၏ အစီအမံများနှင့်အတူ အသုံးစရိတ်များကို ပိုမိုသုံးစွဲပြီး နိုင်ငံ၏နှေးကွေးနေသော စီးပွားရေးကို ပြန်လည်မြှင့်တင်သင့်သည်ဟု Ifo Instituteက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Ifo Institute အနေဖြင့် ၎င်းတို့ယခင်က ခန့်မှန်းထားခဲ့ပြီးဖြစ်သော၂၀၂၅ ခုနှစ်အတွက် ဂျာမနီနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းခန့်မှန်းချက်ကိုလည်း ၀.၂ ရာခိုင်နှုန်းမှ ၀.၃ ရာခိုင်နှုန်းသို့ မြှင့်တင်၍ ပြန်လည်ချိန်ညှိခန့်မှန်းခဲ့ပါသည်။

ယခင်နှစ်က ဂျာမန်စီးပွားရေးအကြပ်အတည်းသည် နှစ်ဝက်ကာလဖြစ်သော ဆောင်းရာသီ၌ အနိမ့်ဆုံးအဆင့်သို့ရောက်ရှိခဲ့သည်ဟု Ifo မှ စီးပွားရေးဆိုင်ရာကြိုတင်ခန့်မှန်းရေးဌာန၏ အကြီးအကဲဖြစ်သူ Timo Wollmershäuser က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။စီးပွားရေးတိုးတက်မှုနှုန်းမြင့်တက်လာရခြင်း၏အကြောင်းအရင်းများအနက်တစ်ချက်မှာ ဂျာမန်အစိုးရသစ်မှထုတ်ပြန် လိုက်သော ဘဏ္ဍာရေးဆိုင်ရာအစီအမံများကြောင့်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခင်အပတ်က ကျင်းပခဲ့သော ဂျာမန်အစိုးရအဖွဲ့အစည်းအဝေးတွင် ကုမ္ပဏီများကို ပံ့ပိုးကူညီပေးနိုင်ရေးနှင့် ၂၀၂၅ ခုနှစ်မှစတင်၍  ၂၀၂၉ ခုနှစ်အထိ ဂျာမန်စီးပွားရေးကို မြှင့်တင်သွားနိုင်ရေးတို့အတွက် ယူရို ၄၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၂.၉၄ ဘီလီယံ) တန်ဖိုးရှိ အခွန်သက်သာခွင့်အစီအစဉ်တစ်ခုကို အတည်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျာမန်အောက်လွှတ်တော်(Bundestag)သည် debt brake ဟုလူသိများသော အမျိုးသားဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတစ်ခုကိုပြင်ဆင်မည်ဟူသော သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုအား ချမှတ်ခဲ့ပြီး၊ မတ်လတွင် အသုံးစရိတ်တိုးမြှင့်ရန်အတည်ပြုခဲ့ပြီးနောက် ယင်းအခွန်သက်သာခွင့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အခွန်သက်သာခွင့်အစီအစဉ်များအရ ၂၀၂၅ ခုနှစ်တွင် ယူရို(၁၀)ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် ယူရို(၅၇)ဘီလီယံအထိ စီးပွားရေးမြှင့်တင်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု Ifo Institute က ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Wollmershäuser က ယခုကဲ့သို့ ပိုမိုကောင်းမွန်သော စီးပွားရေးတိုးတက်မှုနှုန်းခန့်မှန်းချက်သည် ဥရောပသမဂ္ဂနှင့် အမေရိကန်သမ္မတ Donald Trump တို့ကြားက ကုန်သွယ်ရေးစစ်ပွဲကို ဖြေရှင်းသွားနိုင်လိမ့်မည်ဟုယူဆကြောင်းနှင့် ညွန့်ပေါင်းအစိုးရအသစ်လက်ထက်တွင် ဂျာမန်စီးပွားရေးမူဝါဒဆိုင်ရာအကြပ်အတည်းများကို အဆုံးသတ်ပြီး အမေရိကန်နှင့် ကုန်သွယ်ရေးအငြင်းပွားမှုအတွက် သဘောတူညီချက်တစ်ရပ် ရှိလာနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။

ဂျာမန်စီးပွားရေးသည် ကိုဗစ် ၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှု၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခဲ့ခြင်းနှင့် တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ Donald Trump ၏စည်းကြပ်ခွန်များကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုဂယက်ထမှုများကြောင့် ရုန်းကန်နေရဆဲဖြစ်ကြောင်း သိရှိရပါသည်။

Source:         https://www.dw.com/en/germany-updates-economy-expected-to-see-growth-boom-in-2026/live-72879749

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany